မြောက်ဦးမြို့တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှုရပ်တန့်ထားသော်လည်း ဖမ်းဆီးခံရသူများ ပြန်မလွတ်သေး

မြောက်ဦးမြို့တွင်း၌ ဇွန်လ ၂၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းသားသုံးဦး အပါအဝင် ဒေသခံ ၃၀ ကျော်တို့မှာ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

22 Jun 2022

မြောက်ဦးမြို့အတွင်း ယနေ့ ဇွန်လ ၂၂ ရက် နံနက်က မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းနှင့် ကင်းလှည့်နေသည့်ပုံ။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၂၂

မြောက်ဦးမြို့တွင်း၌ ဇွန်လ ၂၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၂၂ ရက်တို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကျောင်းသားသုံးဦး အပါအဝင် ဒေသခံ ၃၀ ကျော်တို့မှာ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

မြောက်ဦးတွင် ယမန်နေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေး စ.ရ.ဖ အဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်ပြီးနောက် မြန်မာစစ်တပ်သည် ဒေသခံများကို စစ်ဆေးဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

 “ထပ်ပြီးဖမ်းဆီးခံရတာတွေတော့မကြားမိတော့ဘူး။မနက်ကဖမ်းသွားတဲ့သူတွေထဲမှာ တစ်ယောက်တစ်လေ ပြန်လွတ်တယ်လို့လည်း သတင်းတွေထွက်နေတယ်။ဘယ်သူမှတော့ တိတိကျကျမပြောနိုင်သေးပါဘူး။ ကျောင်း သားတွေအပါအဝင်တစ်ခြားသူတွေကတော့ မလွတ်ကြသေးဘူး။ကျောင်းသားတွေဆိုရင် ကျောင်းသားကဒ် တွေပြမှ လွှတ်ပေးမယ်၊ဒေသခံတွေဆိုရင် မှတ်ပုံတင်တွေပြမှ လွှတ်ပေးမယ်ဆိုပြီးပြောတယ်လို့တော့ သိရတယ်။ကျနော်တို့လည်း အိမ်ပြင်မထွက်ရတော့ သတင်းလေ့လာပြီးဖမ်းဆီးခံရသူစာရင်းတွေကို အတည်ပြုဖို့ခက်နေသေးတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ပြောသည်။

ယနေ့နံနက်ပိုင်းက မြို့ထဲရှိနေရာအများအပြား၌ နေရာယူကာစစ်ဆေးနေခဲ့သည့် မြန်မာစစ်သားများမှာ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်ကပင် မြို့ထဲမှဆုတ်ခွာပြီး တပ်ရင်းထဲသို့ပြန်ဝင်သွားကြပြီဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။

“အခုတော့ မြို့ထဲမှာစစ်သားတွေစစ်ဆေးနေတာတွေ မရှိတော့ပါဘူး။နေ့လယ်ကတည်းက ပြန်ဝင်သွားကြပြီ။ အဖမ်းခံရတဲ့သူတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတော့ အတည်ပြုဖို့ခက်နေသေးတယ်။ သူတို့လိုက်ဖမ်း သွားတာက တစ်နေရာတည်းမှာမဟုတ်ဘဲ မြို့ထဲကနေရာလေး၊ငါးခုလောက်မှာ ဖမ်းနေတာဆိုတော့ ဘယ်နေ ရာက ဘယ်နှစ်ယောက်ပါသွားသလဲဆိုတာ အတည်ပြုဖို့ကမလွယ်ဘူး။ ဒါပေမဲ့ ကျောင်းသားတွေကတော့ ပြန်လွတ်လာတဲ့သတင်းတော့ လုံးဝမကြားမိသေးဘူး” ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်အရသိရသည်။

အလားတူ ယမန်နေ့က အခင်းဖြစ်စဉ် ချက်ချင်း ဖမ်းဆီးခံလိုက်ရသည့် မြောက်ဦးမြို့ညောင်ပင်ဈေးရပ်ကွက်၊၊ မြဝါတောင်ဘုရားအောက်ရှိ ထမင်းဆိုင်မှ မိသားစုဝင်သုံးဦးမှာလည်း ယခုအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

ဗီဒီယိုများ