မောင်တောနယ်စပ်မှ ကုန်သွယ်မှုမစတင်နိုင်သေးသဖြင့် နစ်နာမှုရှိဟု ကုန်သည်များဆို

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့လျက်ရှိသော်လည်း မောင်တောနယ်စပ်ကုန်သည်များမှာ ယနေ့(အောက်တိုဘာလ ၁၈ ရက်)အထိ ကုန်သွယ်မှုမပြုလုပ်နိုင်သေးကြောင်း မောင်တောကုန်သည်များထံမှ သိရသည်။

18 Oct 2021

DMG ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့လျက်ရှိသော်လည်း မောင်တောနယ်စပ်ကုန်သည်များမှာ ယနေ့(အောက်တိုဘာလ ၁၈ ရက်)အထိ ကုန်သွယ်မှုမပြုလုပ်နိုင်သေးကြောင်း မောင်တောကုန်သည်များထံမှ သိရသည်။

"နစ်နာမှုကတော့ အများကြီးရှိနေပါတယ်။ ရခိုင်မှာ ကုန်သွယ်မှုလုပ်တဲ့နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းဖွင့်ပေးလိုက်ပေမယ့် စစ်တွေမှာတော့ ၁၆ ရက်နေ့ကတည်းကစတင်ပြီး ကုန်တွေတင်ပို့နေကြပါပြီ။ မောင်တောနယ်စပ်ကုန်သွယ်မှုကတော့ ဘယ်ဆိပ်ကမ်းကနေပို့ရမလဲဆိုတာ အဖြေမသိရသေးပါဘူး"ဟု ကုန်သည်တစ်ဦးဖြစ်သူ ကိုမောင်မောင်ချေက DMG သို့ ပြောသည်။

ယင်းသို့ကုန်သွယ်မှုမပြုနိုင်သေးခြင်းမှာ ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးနေ၍ မောင်တောနယ်စပ်ကုန်သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်ခွင့်ရရန် ကုန်သည်များက လိုလားနေကြခြင်းကြောင့် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြည်နယ်စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ကုန်သွယ်ခွင့်ပြုခဲ့သည်။

သို့သော် မောင်တောနယ်စပ်ကုန်သွယ်မှုကို POE ဝင်/ထွက်စခန်းမှ ကုန်သွယ်ခွင့်မရသဖြင့် ကုန်သွယ်မှုမစတင်နိုင်သေးခြင်းလည်း ဖြစ်သည်။

"အဓိက ကျွန်တော်တို့တောင်းဆိုချင်တာကတော့ ကညင်ချောင်းစီးပွါးရေးဇုန်လမ်းတွေ ပြုပြင်နေဆဲကာလမှာ ယခင်မူလ POE ဆိပ်ကမ်းကနေ တစ်လတန်သီ၊ နှစ်လတန်သီ ကုန်သွယ်ခွင့်ပြုပေးရင် ကုန်သည်တွေအတွက်အကောင်းဆုံးဖြစ်မှာပါ။ ဇုန်လမ်းတွေပြန်ကောင်းတဲ့အခါ ပြန်ရွှေ့ပေါ့"ဟု ကုန်သည် ကိုမောင်မောင်ချေက ပြောသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက "ဒီနေ့ကုန်သည်တွေကိုခေါ်ပြီး အသိပေးထားတယ်။ ပြည်နယ်ကနေ ယခင်မူလ POE က ကုန်သွယ်ခွင့်ပြုလိုက်ပြီဆိုတာပြောပြထားတယ်။ မနက်ဖြန်ကစပြီး ကုန်တွေပို့လို့ရပြီ"ဟု ဆိုသည်။

မောင်တောမြို့ POE ဝင်/ထွက်စခန်းရှိရာ မောင်တောချောင်းမှကုန်သွယ်မှုပြုရာတွင် ဒီရေအခက်အခဲ့ရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှစ၍ ကညင်ချောင်းစီးပွားရေးဇုန်မှ ပြောင်းလဲကုန်သွယ်ခဲ့သည်။

ယင်းသို့ကုန်သွယ်မှုပြုရာတွင် စီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးလာမှုကြောင့် ကုန်သွယ်ရာတွင် ကုန်သည်များ၊ မော်တော်ကားသမားများ၊ အလုပ်သမားများ များစွာဒုက္ခရောက်ခဲ့ကြသဖြင့် ခက်ရှိမှာ POE ဝင်/ထွက်စခန်းမှ ကုန်သည်ခွင့်ရရှိရန် ကုန်သည်များက လိုလားနေကြသည်။

ကညင်ချောင်းစီးပွါးရေးဇုန်ကို အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ်သိန်းပေါင်း ၁၃၄၀၀ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀ ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကညင်ချောင်းစီးပွါးရေးဇုန်အား မောင်တောမြို့နှင့် ၄ မိုင်ခန့် အကွာတွင်ရှိသည့် ကညင်ချောင်းချောင်းမှာ ဒီရေအတက်အကျအခက်အခဲ့မရှိဘဲ ၂၄ နာရီကုန်သွယ်မှုပြုလုပ်နိုင်သောကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြင့်မားလာစေရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းသူဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် တည်ဆောက်ထားခြင်းလည်းဖြစ်သည်။

မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြုထားပြီး တစ်နေလျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ