နှစ်သစ်ကူး သင်္ကြန်ဆုတောင်း

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတို့၏ အကျိုးဆက်အဖြစ် ပြည်တွင်းစီးပွားရေးအခြေအနေက ဆိုးရွားစွာကျဆင်းနေသလို ကိုဗစ်ရောဂါကကြောင့်လည်း ပြည်သူတို့မှာ အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

09 Apr 2022

DMG ၊ ဧပြီ ၉

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတို့၏ အကျိုးဆက်အဖြစ် ပြည်တွင်းစီးပွားရေးအခြေအနေက ဆိုးရွားစွာကျဆင်းနေသလို ကိုဗစ်ရောဂါကကြောင့်လည်း ပြည်သူတို့မှာ အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

ယင်းကြောင့် မကြာမီတွင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်နှင့်အတူ မြန်မာသက္ကရာဇ်(၁၃၈၃) ခုနှစ်ကနေ (၁၃၈၄)သို့ ကူးပြောင်းတော့မည်ဖြစ်သဖြင့် နှစ်သစ်ကူး ဆုတောင်းစကားသံများကို DMG က စုစည်းဖော်ပြလိုက်ရသည်။

ဝေဟင်အောင် (စာရေးဆရာ)

ကျနော်တို့ဟာ နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီးပြီ။ ဒီကာလမှာ ကျနော်တို့ဟာ ကောင်းမွေဆိုးမွေတွေကို ကြုံတွေ့ခဲ့ပြီးပြီ။ ဒါကြောင့် ဆိုးမွေထဲက ကျနော်တို့သင်ခန်းစာယူပြီးရင် ကောင်းမွေထဲ ဆက်ထပ္ပိုးကောင်းနိုင်ပြီး လာမယ့်နှစ်သစ်ထဲမှာ ဒုက္ခသည်စခန်းထဲမှာခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ အမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေ။ AA နဲ့ဆက်စပ်ပြီး အကျဉ်းထောင်အသီးသီးမှာ ရောက်နေတဲ့သူတွေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ ပြီးရင် ဒီကာလမှာ ကိုဗစ်ကတစ်မျိုး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဂယက်က တစ်မျိုးတွေကြောင့် စီးပွားရေးအခင်းအကျင်း မပြေလည်တဲ့သူတွေလည်း စီးပွားရေးလာဘ်လာဘ တိုးတက်နိုင်ကြပါစေ။ လာမယ့်အချိန်အတိုင်းတာမှာ ရခိုင်တွေရဲ့အိမ်မက်မက်နိုင်သော ရခိုင့်အိမ်မက်ကို အရင်ဆုံးအကောင်းအထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

စောမြရာဇာလင်း (ဒုတိယဥက္ကဋ္ဌ) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် ရခိုင်ပြည်သူပြည်သားများအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဒီနှစ်မှာ လူအများအပြားဟာ နဂိုနဲ့မတူတဲ့ ပူပန်သောကတွေရှိနေကြတာတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတာသင်္ကြန်ရေနဲ့ ဆေးကြောလိုက်တဲ့နောက်မှာ အားလုံးသော ပြည်သူပြည်သားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ နှစ်သစ်ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဦးမင်းထည်ဝါ (ဥက္ကဋ္ဌ)  ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

နှစ်သစ်မှာ မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ။ ရခိုင်ပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နှစ်သစ်မှာအားလုံးပျော်ရွှင်နိုင်ပါစေ။ စစ်ဘေးရှောင်တွေအားလုံး အေးအေးချမ်းချမ်းနဲ့ ကိုယ့်နေရာဒေသအသီးသီးကို အမြန်ဆုံးပြန်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပေးလိုက်ပါတယ်။ သင်္ကြန်အခါမှာလည်း ရခိုင်ဒေသမှာရှိသူတွေအားလုံး ပျော်ရင်လည်း အသက်ကိုဉာဏ်စောင့်တဲ့အတွက် ကိုယ့်အသက်အန္တရာယ်မထိခိုက်အောင် အစစအရာရာ သတိလက်ကိုင်ထားပြီး ပျော်နိုင်ကြပါစေ။ ရခိုင်သူရခိုင်သား၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အလုပ်အခွင့်အလမ်းတွေ အဆင်ပြေပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မခင်သန့်ဇင်၊ စစ်တွေမြို့

နှစ်သစ်ကိုရောက်တော့မှာဖြစ်တဲ့အတွက် နှစ်ဟောင်းမှာဖြစ်ပျက်ခဲ့တာတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ လျှောက်လှမ်းနိုင်ကြပါစေ။ နှစ်ဟောင်းက ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကို နှစ်သစ်မှာ ကုန်ဈေးနှုန်း ပုံမှန်အနေအထားပြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ရခိုင်ပြည်သူပြည်သားတွေ အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေအားလုံး နှစ်သစ်မှာ အလုပ်တွေရပြီး အခွင့်အလမ်းကောင်းတွေ အများကြီး ပေါ်ပေါက်လာပါစေ။ ရခိုင်ပြည်သူအားလုံး နှစ်သစ်မှာကျန်းမာစွာနဲ့ သတင်းကောင်းတွေ အများကြီးကြားရပြီး နှစ်သစ်တစ်နှစ်လုံးကို စိတ်ကိုယ်နှလုံး ချမ်းချမ်းမြေ့မြေ့နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ကိုအောင်အောင်ဦး (ပြည်သူတစ်ဦး)

ဒီနှစ်မှာကြုံတွေခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီးတော့ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝခရီး လျှောက်လှမ်းနိုင်ကြပါစေ။ နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့လည်း ကိုယ့်နေရာဒေသကို အမြန်ဆုံးပြန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ လာမယ့်နှစ်တွေမှာ နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်ပြီး ရောဂါတွေလည်းအမြန်ဆုံးပျောက်ကာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုတိုးတက်လာပါစေ။ ဒီနှစ်သင်္ကြန်ဟာ အရင်နှစ်တွေထက် ထူးထူးခြားခြားဖြစ်တဲ့အတွက် ပျော်တဲ့အခါလည်း ထိခိုက်ဒဏ်ရာမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဗီဒီယိုများ