ဖမ်းဆီးခံထားရသည့် ပလက်ဝ ရပ်ကျေး အုပ်/မှူးနှင့် အဖွဲ့ဝင်များ မိသားစုနှင့်တွေ့ခွင့် မရသေး

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အုပ်ချုပ်မှူးနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးမှာ ဖမ်းဆီးခံထားရ သည့်နေ့မှ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

29 Jun 2022

ဓာတ်ပုံ - google map

DMG ၊ ဇွန် ၂၉

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အုပ်ချုပ်မှူးနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးမှာ ဖမ်းဆီးခံထားရ သည့်နေ့မှ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

လက်ရှိဖမ်းဆီးရသူများမှာ ပလက်ဝမြို့မ မြို့မရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်မဲကျော့၊ မြို့မရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်ဝင်းနှင့် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင် တို့ဖြစ်သည်။

ဦးမောင်ဝင်းမှာ ဇွန်လ ၈ ရက်နေ့ ည ရ နာရီခန့်အချိန်တွင် ပလက်ဝ အခြေစိုက် ခလရ (၂၈၉) တပ်ရင်း တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်ကနေ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ပလက်ဝမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကာ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း သမက်ဖြစ်သူ မောင်ဖြူယေ က ပြောသည်။

“အဲဒီနေ့က ကျနော့် ယောက်ခမကို အိမ်ကနေလာပြီးတော့ ဖမ်းခေါ်သွားတာ။ အခုတော့ ပလက်ဝရဲစခန်းကို ရောက်နေပါပြီ။ ပြန်လွှတ်တာတော့ မရှိသေးဘူး။ ကျွန်တော်တို့တွေ့ဖို့သွားတော့ တွေ့ခွင့်မပေးဘူး။ အမှုဖွင့် တာတွေလည်း မရှိဘူး။ ဘာကြောင့် ဖမ်းတဲ့ဆိုတာလည်း မပြောဘူး” ဟု DMG သို့ ပြောသည်။

ဦးမောင်ဝင်းမှာ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး တစုံတရာအပြစ်မရှိကြောင်းနှင့် ကျောက်ခွဲခြင်း၊ ကျောက်ထုခြင်း အလုပ်ကို လုပ်ကိုင်စားသောက် နေသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်ထံက သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ (၄) ရက်နေ့ကလည်း ပလက်မြို့ မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ အသက် (၅၇) အရွယ် ဦးမောင်မဲကျော့မှာလည်း မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက DMG သို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဘောင်သားကျေးရွာ ဆယ်အိမ်မှူးနှစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ပလက်ဝအခြေစိုက် ခလရ (၂၈၉) မှ ဖမ်းဆီးခေါ် ဆောင်သွားပြီး ဆယ်အိမ်မှူးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော်လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသာထွန်းအောင်မှာ ယခုအချိန်ထိ အဆက်အသွယ်မရသေးသည့် အ ပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည့်ကို မသိရသေးကြောင်း အဘောင်သားကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“သူကို ဖမ်းသွားတာ ၁လ ကျော်သွားပြီ။ အခုအချိန်ထိ အဆက်အသွယ် မရသေးဘူး။ အဲဒီနေ့က ဆယ်အိမ် မှူးနှစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းသွားတာ။ အုပ်ချုပ်ရေးမှူးက အခု အချိန်ထိ ပြန်မလွတ်လာသေးဘူး။ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရဘူး ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဘောင်သားကျေးရွာ သားတစ်ဦးက DMG ကိုပြောသည်။

ထိုသို့ အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးခြင်းမှာ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပုဒ် ၉ ကိုချိုးဖောက်ရာရောက်ပြီး အကြောင်းမဲ့ လူ့အခွင့်အရေးကို ပိတ်ပင်ခြင်း တစ်ခုလည်းဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသူတို့က ဝေဖန်သည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရတာဟာ အကျဉ်းသား ဥပဒေနဲ့ငြိစွမ်းတယ်။ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်။ ဖမ်းထားတာကို သိရင် မိသားစုနဲ့ တွေ့ခွင့်ပေးရမယ်။ အပြင်ကလူတွေတွေ့ခွင့်မရရင်တောင်မှ မိသာစုဝင်တွေကတော့ တွေ့ခွင့်ပေးရမယ် ” ဟု DMG ကိုပြောသည်။

ပလက်ဝ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို မိသားစုဝင်များတွေ့ခွင့်မရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့မ ရဲစခန်းကို DMG ကဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ယင်းအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေသည်ဆိုသည့် မိသားစုဝင်များ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြန်မာစစ်တပ် သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ထို့အတူ ပလက်ဝမှ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ဖမ်းဆီးနေခြင်းမှာ ကြီးမားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း ရက္ခိုင့်တပ်တော် (AA)  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန်လ ၁၁ ရက်နေ့ ကDMG သို့ပြောဆိုထားသည်။

လက်ရှိ ပလက်ဝဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် အခြေအနေလည်းရှိ နေသည်။

ဗီဒီယိုများ