ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆန္ဒရှိ

အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန်ကြန့်ကြာနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုအောက်တွင် ပြန်လည်ကျင်းပနိုင်ပါက FPNCC ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ လုံခြုံရေးအာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒရှိကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့က ထုတ်ပြန်သည်။

By အောင်ထိန် 21 Jul 2020

ဒုတိအကြိမ်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံသို့ တက်ရောက်ခဲ့ကြသူများအား တွေ့ရစဉ်။

ခိုင်ရိုးလ၊ အောင်ထိန် | DMG
ဇူလိုင် ၂၁ ၊ စစ်တွေ

အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန်ကြန့်ကြာနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုအောက်တွင် ပြန်လည်ကျင်းပနိုင်ပါက FPNCC ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ လုံခြုံရေးအာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒရှိကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့က ထုတ်ပြန်သည်။

တအောန်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်)(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၊ ၂၁ ရာစုပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် ကျင်းပရန်နှင့် ပြည်သူလူထု၏ဆန္ဒနှင့် ရွေးချယ်တင်မြှောက်သော အမတ်များ၊ ပြည်သူ့ဆန္ဒကို အကောင် အထည်ဖော်ဆောင်ပေးနိုင်သော အစိုးရသစ်ပေါ်ပေါက်ရန်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်း ထားသည်။

လက်ရှိတွင် ယင်းသုံးဖွဲ့တို့မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များလည်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို လာမည့် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။

သို့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် မြောက်ပိုင်းအဖွဲ့များကို ဖိတ်ကြားရန် အခက်အခဲရှိနေကြောင်း ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်နေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပါအဝင်၊ (TNLA)၊ (MNDAA)နှင့် (AA)တို့ကို ဖိတ်ကြားရန်အတွက် အစိုးရနှင့် ညှိနှိုင်းနေကြောင်း ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ ညှိနှိုင်းနေတယ်။ စီစဉ်နေတယ်။ ထွက်လာတဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အချိန်မီ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ညီလာခံတက်မည့် အဖွဲ့များအတွက် လေကြောင်းလမ်းများ စီစဉ်နေကြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တက်ရောက်မည်ဆိုလျှင်လည်း ခရီးသွားလာရေးလက်မှတ်အတွက်ပါ စီစဉ်နေကြောင်း ၎င်းကဆက်၍ ဆိုသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှစ်ဦးသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး NCA လက်မှတ်မထိုးရသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များမှလည်း ခေါင်းဆောင်နှစ်ဦးသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်သည်။

ယခင်က ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံ၌ လူဦးရေတစ်ထောင်ခန့် တက်ရောက်ခဲ့သော်လည်း ယခုကျင်းပမည့် ၂၁ ရာစုပင်လုံတွင် လူဦးရေသုံးရာခန့်သာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ