နေပြည်တော်အပါအဝင် မြို့ကြီး ၃ မြို့တွင် လုံခြုံရေးသတိပြုကြရန် အမေရိကန်သံရုံးထုတ်ပြန်

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် နိုင်ငံသားများအနေဖြင့် လုံခြုံရေးသတိပြုကြရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

By မြတ်ဝင်းကျော် 27 Sep 2019

ဓာတ်ပုံ - အင်တာနက်

မြတ်ဝင်းကျော် | DMG

စက်တင်ဘာ ၂၇ ၊ ရန်ကုန်

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အတွက် နိုင်ငံသားများအနေဖြင့် လုံခြုံရေးသတိပြုကြရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အမေရိကန်သံရုံး၏ တရားဝင်ဝက်ဘ်ဆိုဒ်စာမျာနှာပေါ်တွင် မြန်မာနိုင်ငံလုံခြုံရေးအဖွဲ့များက စုံစမ်းစစ်ဆေးမှုအရ စက်တင်ဘာလ ၁၆ ရက် (သို့) ၂၆ ရက်နေ့ (သို့) အောက်တိုဘာ ၁၆ ရက် (သို့) ၂၆ ရက်နေ့များတွင် ဆက်တိုက် တိုက်ခိုက်ခြင်းများ ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မိမိတို့၏ ပုဂ္ဂလိကလုံခြုံမှုကို အထူးဂရုစိုက်ပြီး အမြဲသတိရှိနေရန်၊ သတင်းဌာနများမှ သတင်းမှန် ပေးသူများ၏သတင်းများကို စဉ်ဆက်မပြတ်စောင့်ကြည့်နေရန်၊ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းများ ကိုလည်း ထပ်ဆင့်အသိပေးထားရန် တိုက်တွန်းထားသည်။

အလားတူ မြောက်ပိုင်းမဟာမိတ် ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စိစစ်ဆဲ အဖွဲ့တို့မှလည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် ချင်းတပ်ဦးတပ်မတော်(CNF) ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) စသည်တို့ကလည်း နေပြည်တော်၌ ဖောက်ခွဲမှုများပြုလာမည်ဟု သတင်းရရှိသဖြင့် လုံခြုံရေးအထူးဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၆ ရက်နေ့စွဲနှင့် ညွှန်ကြားစာတစ်စောင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိနေသည်။

AA၊ KIA ၊ CNF ၊ KNU တို့သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ထဆောင်ယန်းမြို့နယ်၌ အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး စက်တင်ဘာလ ၁၆ ရက် (သို့) ၂၆ ရက်နေ့ (သို့) အောက်တိုဘာ ၁၆ ရက် (သို့) ၂၆ ရက်နေ့ တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၌ ဖောက်ခွဲမှုများပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းသို့ပြုလုပ်ရခြင်းမှာ  ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အာရုံလွှဲစေရန်၊ ဖိအားလျော့နည်းစေရန် ရည်ရွယ်၍ ပြုလုပ်ရန်ဖြစ်ကြောင်း အစိုးရ၏ညွှန်ကြားစာတွင် ရေးသားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့က ယတိပြတ် ငြင်းဆိုထားကြသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များ လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်ခဲ့ကြသော်လည်း မွန်းလွဲပိုင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မမြင်တွေ့ရတော့ကြောင်း ဒေသခံများထံမှသိရသည်။

နိုင်ငံရေးလေ့လာသူများကမူ မြို့ကြီး ၃ မြို့၌ ဖောက်ခွဲမှုများ ပြုလုပ်လာနိုင်သည်ဆိုသော သတင်းမှာ ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန်အလို့ငှာ (သို့မဟုတ်) သတင်းအမှား ရရှိခြင်းကြောင့်လားဟု သုံးသပ်ပြောဆို နေကြသည်။ 

ဗီဒီယိုများ