ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ရက်ပေါင်း ၇၀ ကြာ အပစ်ရပ်ကြေငြာ

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်းကြေငြာချက်ကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By အောင်ထိန် 01 Sep 2020

(ဓာတ်ပုံ - Twitter)

အောင်ထိန် | DMG
စက်တင်ဘာ ၁ ၊ စစ်တွေ

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်းကြေငြာချက်ကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပစ်ရပ်ကြေငြာချက်မှာ စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိဖြစ်ကာ ယခု အကြိမ်သည် သတ္တမအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးကြေငြာခြင်းလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယလှိုင်းအား ထိန်းချုပ်တားဆီးနိုင်ရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲလုပ်ငန်း များကို အထောက်အကူပြုစေရန်အတွက် ယခုကဲ့သို့ အပစ်ရပ်ကြေငြာခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

တပ်မတော်မှလည်း Covid -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်မှုကို တိုးမြှင့်ရပ်စဲထားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော် AA နှင့်တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ချန်လှပ်ခဲ့သည်။

တပ်မတော်နှင့် AA တို့ အနေဖြင့် နှစ်ဦးနှစ်ဖက်သဘောတူညီချက်နှင့် အပစ်ရပ်စဲရန်လိုအပ်ကြောင်း မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“အဓိက ငြိမ်းချမ်းရေးအတွက် နှစ်ဖွဲ့ထိပ်တိုက်စကားပြောပြီးမှ သူ့နေရာ၊ ကိုယ့်နေရာသတ်မှတ်ချက်တွေ ရှိမှ သာလျှင် အခုလိုပြည်သူတွေကိုမထိခိုက်တဲ့ တိုက်ပွဲတွေဖြစ်ပေါ်မလာတဲ့ သဘောတူညီချက်တွေ ဖြစ်လာမယ်လို့ ယူဆတယ်” ဟု ဦးဖေသန်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် COVID-19 ပိုးတွေ့လူနာများတစ်ဖြည်းဖြည်းများလာနေသဖြင့် ပြည်သူ တစ်ရပ်လုံးစိုးရိမ်မှုများရှိနေကြချိန်တွင် တိုက်ပွဲများမှာလည်း ဆက်လက်ဖြစ်ပွားလျက်ရှိကာ အရပ်သားသေဆုံးမှု များလည်း ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအကျိုးဆက်ကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ (၂)သိန်းခန့်အထိရှိလာနေကာ အခက် အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ စစ်ဘေးဒုက္ခသည် များက မျှော်လင့်နေကြသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင် ရန်ရောက်ရှိနေသည့် ဦးရင်အောင်က ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်ကြောင်းပြောသည်။

“ငြိမ်းချမ်းရေးကို လက်နက်နဲ့မဆွေးနွေပဲနဲ့ စားပွဲပေါ်မှာပဲဆွေးနွေးပြီးတော့ အပြောမဟုတ်ပဲ ကျွန်တော်တို့ မျှော်လင့်တဲ့ငြိမ်းချမ်းရေးကိုတော့ တကယ်ရချင်ပါတယ်။ ငြိမ်းချမ်းတဲ့ဘဝကို အရမ်းလိုလားတယ်။ မက်မော တယ်” ဟု ၎င်းကဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ တစ်ဖက်သက်အပစ်အခတ်ရပ်စဲကြောင်း ကြေငြာထားသည့်ကာလတွင် တပ်မတော် အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်မည်ဆိုပါက မိမိတို့အဖွဲ့များက တုန့်ပြန်ကာကွယ်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီဒီယိုများ