ကျေးရွာသားများမှ အရည်အသွေးမမီဟုပြောသည့် အမ်းမြို့နယ်မှ ထခွဲကျောင်းဆောင်သစ်ကို ပညာရေးဌာနမှစစ်ဆေးနေ

အမ်းမြို့နယ် ညောင်ချောင်းကျေးရွာတွင် ဆောက်လုပ်ထားသော အခြေခံပညာအထက်တန်းကျောင်းခွဲမှာ အရည်အသွေးမပြည့်မီဟုဆိုကာ ရွာသားများနှင့်ကုမ္ပဏီအကြား အငြင်းပွားနေသည့်ကိစ္စကို ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ညွှန်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

10 Mar 2022

DMG ၊ မတ် ၁၀

အမ်းမြို့နယ် ညောင်ချောင်းကျေးရွာတွင် ဆောက်လုပ်ထားသော အခြေခံပညာအထက်တန်းကျောင်းခွဲမှာ အရည်အသွေးမပြည့်မီဟုဆိုကာ ရွာသားများနှင့်ကုမ္ပဏီအကြား အငြင်းပွားနေသည့်ကိစ္စကို ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ညွှန်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

“အခုလေ မြို့နယ်ကပြန်ပြီးသွားနေတယ်။ စစ်ဆေးနေတယ်။ (အဲဒီကျောင်း)အရည်အသွေးမီ၊မမီ သူ့မှာ QC Team (Quality Control Team)အရည်အသွေးထိန်းချုပ်မှု အဖွဲ့တွေပါတယ်။ QC Team‌ တွေလည်းသွားပြီးတော့ စစ်ဆေး နေတယ်။ မြို့နယ်ကသွားပြီး အဲဒီကျောင်းဆောင်အခြေအနေ ကိုစစ်ဆေးနေတယ်”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက DMG သို့ပြောသည်။

ညောင်းချောင်းကျေးရွာတွင် ထ(ခွဲ)ကျောင်းဆောင်သစ်ဆောက်လုပ်မှု အရည်အသွေးမမီဟုဆိုကာ ကျေးရွာသားများက လက်မခံသဖြင့် ကုမ္ပဏီနှင့် ရွာသားများအကြား အငြင်းပွားလျက်ရှိနေသည်။

အဆိုပါကျောင်းကို အမ်းမြို့ အမှတ်(၄)ရပ်ကွက်မှ အမ်းရတနာကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ထားပြီး စီစဉ်သည့်အတိုင်း ပြည့်ပြည့်စုံစုံမဆောက်လုပ်ခြင်း၊ ကျောင်း ခေါင်မိုးသွပ်ပြား၊ မျက်နှာကြတ်တို့အား အညံ့စားပစ္စည်းတို့ဖြင့် ဖြစ်သလိုဆောက်လုပ်ခဲ့မှုကြောင့် လက်မခံနိုင်ဟု ရွာသားများက DMG ကိုပြောသည်။

“အမ်းရတနာဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူပြီးဆောက်လုပ်တယ်။ စီစဉ်တဲ့အတိုင်း ပြည့်ပြည့်စုံစုံမဆောက်တဲ့အတွက်ကြောင့် ကျောင်းဆောင်သစ်ကို အပ်နှံတဲ့အချိန်မှာ ရွာသူရွာသားတွေကပြန်ပြီးတော့ စစ်ဆေးတဲ့အခါ သူတို့ကျောင်းမအပ်နိုင်မီ အချိန်တိုအတွင်းမှာ အဲဒီကျောင်းဟာ ယိုယွင်းပျက်စီးနေတယ်။ မှတ်တမ်းဓာတ်ပုံတွေလည်း ရွာသားတွေဆီမှာရှိတယ်။ ရွာသူရွာသားတွေအနေနဲ့လည်း ဒီကျောင်းဆောင်ကိုလက်မခံကြောင်း အစည်းအဝေးပြုလုပ်ကျင်းပတယ်”ဟု ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုမောင်သန်းဝင်းက DMG သို့ပြောသည်။

အဆိုပါကျောင်းမှာ အလျား ၁၂၀၊ အနံ ၃၀ ရှိပြီး တစ်ထပ်ဆောင်ဖြစ်ကာ နိုင်ငံတော်ဘတ်ဂျတ်မှ ငွေကျပ်သန်း(၁၂၅ ဒသမ ၉၅၀)အကုန်ကျခံကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းဆောင်သစ်အား ကျောင်းတာဝန်ရှိသူတို့ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့အပ်နှံ့ရာတွင် ကျောင်းခေါင်မိုးအား သံဖြူအညံ့စားသုံးထားပြီး မျက်နှာကြတ်တွင် ကျောက်ပြားတပ်မည်ဟုပြောထားသော်လည်း ပလက်စတစ်ဖြင့်အသုံးပြုထားခြင်း၊ ကျောင်းဆောင်ကြမ်းပြင်အခင်းအား ၆ လက်မတူးရမည်ကို ၃ လက်မခန့်သာအသုံးပြုထားသည့်အတွက် အချိန်တိုအတွင်းပျက်စီးလာမည်ကို စိုးရိမ်မှုကြောင် ရွာသားများကလက်မခံနိုင်ကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။

ထိုကျောင်းတွင် အခေါင်မိုးနှင့် မျက်နှာကြတ်တို့ ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသားများကတောင်းဆိုထားသော်လည်း ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က လုံးဝမပြင်ပေးနိုင်ကြောင်း ပြောဆိုသည်ဟု ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက DMG ကို ပြောသည်။

“အခေါင်မိုးနဲ့ မျက်နှာကြတ်လောက်ပဲ ဖြစ်နိုင်ရင်ပြန်ပြီ ပြုပြင်ပေးပါလို့ တောင်းဆိုထားပါတယ်။ သူတို့(ကုမ္ပဏီ)က လက်မခံပါဘူး။ တာဝန်ခံ(အင်ဂျင်နီယာ)တွေကလည်း လုံးဝလက်မခံပါဘူး။ သူတို့က ဒီဟာလုံးဝမလုပ်ပေးနိုင်ဘူး။ ရွာသားတွေဆီက ဒီငွေကိုပေးထားတာ မဟုတ်ဘူး။ ကျနော်တို့ကို နိုင်ငံတော်ဆီက ချပေးထားတာ။ နိုင်ငံတော်ကကျေနပ်ရင် ရွာသားတွေကိုဂရုစိုက်စရာမလိုဘူး”ဟု ပြောဆိုခဲ့ကြောင်း ညောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက DMG ကိုရှင်းပြသည်။

ထို့အတူ ကျောင်းဆောင်သစ်တွင်အသုံးပြုထားသည့် သံဖြူမှာ ပါးလွန်းခြင်း၊ မျက်နှာကြတ်မှာလည်း ပလက်စတစ်အသုံးပြုထား၍ လေခိုသလိုမျိုးဖြစ်နေခြင်းကြောင့် ရေရှည်အတွက် လုံးဝ အဆင်မပြေဟုလည်း ညောင်ချောင်းကျေးရွာသူ ဒေါ်တင်တင်နွယ်က DMG သို့ ပြောသည်။

“ ဒီကျောင်းဆောင်သစ်က လုံးဝကိုအရည်အသွေးမမီတာကြောင့် လုံးဝကိုအဆင်မပြေပါဘူး။ သံဖြူကိုလည် သံမှိုနဲ့ခတ်ထားတာ မဟုတ်ဘူး။ ဂဟေဆော်ထားတာလို့ပြောပါတယ်။ သံဖြူကလည်း စာရွက်လောက်ပါးပါတယ်။ မျက်နှာကြတ်ကလည်း အခုကတည်းကနေ ကြွတက်နေပြီး အကုန်လုံးမကောင်းတာပါ။ ရေရှည်အတွက် အဆင်မပြေပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါကျောင်းဆောင်သစ်ဆောက်လုပ်မှုအား ကျေးရွာသားများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တာဝန်ယူဆောက်လုပ်ခဲ့သည့် အမ်းရတနာကျော်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်ကို DMG ကဆက်သွယ်မေးမြန်းခဲ့ရာတွင် ကွင်းဆင်းစစ်ဆေးပြီးမှ သတင်းရေးသားရန်နှင့် သူ့ဘက်ကပြောစရာမရှိဟု တုန့်ပြန်သည်။

“ကွင်းမဆင်းနိုင်ဘဲနဲ့ တဘက်သတ်ရေးရင် မမှန်ရင်အစ်ကိုတရားစွဲမယ်။ ပြောချင်တာက သတင်းအမှန်လိုချင်ရင် ကွင်းဆင်း စစ်ဆေး။ ဒါရိုက်သတင်းယူ အစ်ကိုလက်ခံတယ်။ မဟုတ်ဘဲနဲ့ တဘက်သတ်စကားနဲ့ (သတင်း)ရေးရင် အစ်ကိုတရားစွဲမယ်”ဟု ဦးတင်နိုင်ကဆိုသည်။

ထိုကျောင်းဆောင်သစ်အား ရွာသာများ လက်မခံဆိုသည့်အချက်နှင့်ပတ်သက်၍ ယင်းကျောင်းမှ ကျောင်းအုပ်တာဝန်ခံ ဒေါ်ခင်ဝင်းနွယ်အား ဆက်သွယ်မေးမြန်းခဲ့ရာ နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်ဖြစ်စေချင်ကြောင်း ဆိုသည်။

“ရွာသားတွေကလည်း ရွာသားလိုအပ်ချက်တောင်းတယ်။ ကုမ္ပဏီကလည်း သူတို့လုပ်ပေးစေချင်သလောက်လုပ်ပေးထားပြီးပြီ။ နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်တော့ရှင်းကြလို့ပဲ ပြောထားပါတယ်။ ကျမတို့မှာပြောခွင့်လည်းမရှိပါဘူး။ ဒီကိစ္စတွေကို နားလည်းမလည်ပါ”ဟု ဒေါ်ခင်ဝင်းနွယ်ကဆိုသည်။

ဗီဒီယိုများ