မြန်မာ့ငြိမ်းချမ်းရေးကို NCA အတိုင်းသွား၍ အဆင်မပြေနိုင်တော့ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းသုံးသပ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အတိုင်းသွားနေလျှင် အဆင်ပြေနိုင်တော့မည်မဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်သုံးသပ်နေကြသည်။

By DMG 20 Jan 2022

DMG ၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အတိုင်းသွားနေလျှင် အဆင်ပြေနိုင်တော့မည်မဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်သုံးသပ်နေကြသည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)က NCA လမ်းကြောင်းမှာ မျှော်လင့်ချက်မရှိတော့ကြောင်း ပြောဆိုသည်။

“ကျနော်တို့ကို NCA အကြောင်းကိုလာပြောလည်း ဘာမှနားမထောင်နိုင်ဘူး။ ကျနော်တို့လည်း ကြုံတွေ့ခဲ့ရမှုပေါင်းများပြီ။ လက်ရှိအနေအထားအရ အာဏာသိမ်းလိုက်တဲ့အပေါ်မှာ NCA ဟာ လုံးဝအလုပ်မဖြစ်တော့ဘူး။ အလုပ်ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး” ဟု KNU နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဖဒိုစောတာနီးက DMG ကိုပြောသည်။

NCA ရေးထိုးထားသည့် EAOs(၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကလည်း အနာဂတ်ကာလ ငြိမ်းချမ်းရေးဖော်ဆောင်မှုအနေဖြင့် NCA ၏ အနှစ်သာရကိုအခြေခံထားသော်လည်း NCA ၏မူဘောင်အတိုင်း ရှေ့ဆက်အကောင်အထည်ဖော်ရန်အတွက် များစွာအခက်အခဲရှိနေကြောင်း ပြောဆိုထားသည်။

သို့သော် စစ်ကောင်စီကမူ မြန်မာ့ငြိမ်းချမ်းရေးကို NCA လမ်းမှ လျှောက်လှမ်းရန် ဆက်လက်ယုံကြည်နေဆဲဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခြေလှမ်းမှာလည်း အတိုင်းအတာတစ်ခုအထိလှမ်းနိုင်မည်ဟု ယုံကြည်ထားကြောင်း စစ်ကောင်စီကပြောသည်။

“တွေ့ဆုံဆွေးနွေးရင်းကနေတစ်ဆင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်တာတွေ၊ နားလည်မှုရရှိတာတွေ။ ပထမအဆင့်ဖြစ်တဲ့ bilateral ကိစ္စတွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ gentleman's agreement ကိစ္စတွေ တစ်စစဖြစ်ပေါ်လာနိုင်မယ်လို့ ၂၀၂၂ ခုအတွင်းမှာ ခြေလမ်းတစ်ရပ်ကိုလှမ်းနိုင်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ထိုသို့ဆွေးနွေးရာတွင် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် (၁၆)ကြိမ်၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် (၉) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များနှင့် (၂)ကြိမ်၊ စုစုပေါင်း (၃၃)ကြိမ် ဆွေးနွေးခဲ့သည်ဟု ဇန်နဝါရီလ ၁၄ ရက်နေ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးလုပ်နိုင်ရန်အတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NCA မထိုးရသေးသည့် EAOs အပြင် နိုင်ငံရေးပါတီများနှင့်လည်း အကြိမ်ကြိမ်ဆွေးနွေးရန်ရှိနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

စစ်ကောင်စီမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပြောဆိုခြင်းမှာ ၎င်းတို့၏ဆန္ဒသာဖြစ်ပြီး ငြိမ်းချမ်းရေးကို မည်သည့်ပုံစံနှင့်သွားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ယခင်ကချဉ်းကပ်ခဲ့သည့် NCA လမ်းကြောင်းအတိုင်းသွားမည်ဆိုလျှင် အဆင်မပြေကြောင်း နိုင်ငံရေးသမားများက မှတ်ချက်ပေးကြသည်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ငြိမ်းချမ်းရေးကမ်းလှမ်းမယ်ဆိုရင် နဂိုမူဟောင်း NCA နဲ့ပဲသွားမလား၊ ဒါမှမဟုတ် နောက်ထပ် သူတို့ဘက်က သီးသန့်အစီအစဉ်တစ်ခု ချမှတ်ပေးပြီးလုပ်ဆောင်မလား။ နဂို NCA လမ်းကြောင်းကတော့ ရှိပြီးသားအဖွဲ့တွေတောင်မှ အကုန်လုံးပြန်တိုက်နေတာတွေပဲ။ PDF နဲ့ပေါင်းနေတာရှိတယ်။ ပြီးတော့ NCA လမ်းကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့ EAO တွေက မယုံတာတွေများနေပြီ” ဟု DMG ကို ပြောသည်။

လက်ရှိတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း NCA လုပ်ငန်းစဉ်မှာ အကျပ်အတည်းများစွာဖြင့် ရှေ့ဆက်မရဖြစ်နေပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာလည်း စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေသလို PDF တို့နှင့် NCA ထိုးထားသည့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်လျက် ရှိကြသည်။

NCA ထိုးထားသည့် EAOs (၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အနေဖြင့် စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်ကြောင်း အတိအလင်းထုတ်ပြန်ခဲ့သည်။

အကယ်၍ စစ်ကောင်စီဘက်မှ ငြိမ်းချမ်းရေးကမ်းလှမ်းလာလျှင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ လက်ခံနိုင်လောက်သည့် မော်ဒန်မြင့် ဖက်ဒရယ်ပုံစံသစ်တစ်ခု ချပြနိုင်မှသာ EAOs တို့ကလည်း စဉ်းစားလာနိုင်ကြောင်း ဦးဖေသန်းကရှုမြင်သည်။

“Modern မြင့်တဲ့ ဖက်ဒရယ်ပုံစံအသစ်နဲ့ တိုင်းရင်းသားပါတီတွေ၊ EAO တွေကို ချပြနိုင်ရင်တော့မဆိုးဘူးပေါ့။ အဲဒါတောင်မှ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲနိုင်မှ တိုင်းရင်းသားတွေဘက်ကလည်း လက်ခံနိုင်မယ့်အနေအထားရှိပါတယ်။ ဘာဘဲပြောပြော သူတို့ကမ်းလှမ်းမယ်ဆိုရင်တော့ တိုင်းရင်းသားတွေလက်ခံနိုင်လောက်တဲ့ အခင်းအကျင်းတစ်ခုပါလာရင်တော့ EAO ဘက်ကလည်း စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်” ဟု ပြောသည်။

NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAOs များ ပါဝင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုသဘောတူညီချက်များကို အတည်ပြုရန်နေရာမရှိသည့်အခက်အခဲများလည်း ရှိနေသည်။

ဗီဒီယိုများ