မိုးတွင်းကာလ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု မရှိဖြစ်နေ

နှစ်စဉ် မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ အဖြစ်များသောကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

14 Jun 2022

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

DMG ၊ ဇွန် ၁၄

နှစ်စဉ် မိုးတွင်းကာလတွင် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ အဖြစ်များသောကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန် စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိသောကြောင့် မိုးရာသီတွင်ကေ လးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် တုပ်ကွေးရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြခြင်းလည်း ဖြစ်ကြောင်း စခန်းတာဝန်ရှိသူတို့က ပြောသည်။

 “ သွေးလွန်တုပ်ကွေး ရောဂါတွေအတွက် စခန်းမှာ ပြင်ဆင်ထားတာ ဘာမှမရှိသေးပါဘူး။ အရင်ကတော့ ကျန်းမာရေးဌာနတွေက လာပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းကစလို့ ကျနော်တို့ စခန်းက ကျန်းမာရေးစောင့်ရှောက်မှု မရတော့ဘူး။ ဒါကြောင့် ကျနော်တို့ စစ်ဘေးရှောင်စခန်းကို ကျန်းမာရေးဌာနတွေက တစ်လမှာနှစ်ကြိမ်လေက်တော့ လာပေးစေချင်တယ် ” ဟု စက်မှုဇုံ စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုသန်းဌေးက DMG သို့ပြောသည်။

အလားတူ ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင် အိမ်သာများ ပျက်စီးနေသောကြောင့် အနံ့ဆိုးများထွက်နေပြီး စခန်းအတွင်း ဝမ်းရောဂါများဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

“ ကျနော်တို့ စခန်းမှာ အိမ်သာတွေက ပျက်စီးနေတယ်။ မိုးရာသီဆိုတော့ ပိုဆိုးတယ်။ အိမ်သာတွေ မလုံဘဲ အနံ့တွေ ထွက်တော့ခြင်တွေ၊ ယင်တွေလည်း ပေါလာတယ်။ ဒါကြောင့် ဝမ်းပျက်၊ ဝမ်းလျောဖြစ်မှာရော၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်မှာကိုပါ စိုးရိမ်နေရတယ် ” ဟု ရန်အောင်မြေစစ်ဘေး ရှောင်စခန်းမှ ကိုအောင်ဌေးက ပြောသည်။

ယင်းအပြင် အချို့ စစ်ဘေးရှောင်စခန်းများသို့ သူနာပြုဆရာမတချို့မှာ လာရောက်မှုများရှိနေသော်လည်း လုံလောက်သည့် ဆေးဝါးများ ပါမလာသည့်အတွက် အဆင်မပြေဖြစ်နေကြောင်းလည်း ကျောက်တော်မြိုကနယ် ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုနိုင်ထွန်းဝင်းက ဆိုသည်။

“ အစိုးရ ကျန်းမာရေးဌာနကတော့ စခန်းကို တစ်ပတ်မှာတစ်ခါ ကျန်းမာရေး စောင့်ရှောက်မှု လာပေးပါတယ်။ ဒါပေမယ့် ဆေးကုသပေးဖို့ ဆရာမတစ်ယောက်တည်း လာတယ်။ အဲဒီဆရာမတစ်ယောက်တည်းကပဲ တခြားတောင်မင်းတို့ ကန်စောက်တို့ကို သွားကုပေးနေရတော့ ဆေးဝါးမလုံလောက်မှုတွေလည်းရှိနေပါတယ် ” ဟု ကိုနိုင်ထွန်းဝင်းက ရှင်းပြသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများတွင်ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ကို မည်သို့စီစဉ်ထားကြောင်း သိရှိစေရန် ရခိုင်ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာန မှူး ဒေါက်တာကြည်လွင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

သို့သော်လည်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးဌာနမှူး ဒေါက်တာ ဇော်ဇော်အောင်ကတော့ “ မြို့နယ်နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေကတော့ စစ်ဘေးရှောင်စခန်းတွေကို သွားပြီးတော့ ခြင်နှိမ်နှင်ရေး လုပ်ငန်းတွေ လုပ်ပေးတယ်။ အဓိကတော့ ခြင်သေဆေးတွေ၊ လောက်လန်းသေဆေးတွေ လိုက်ခပ်ပေးတယ်။ ခြင်ဆေးတွေ မှုတ်ပေးပါတယ် ” ဟု ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က  DMG သို့ ဖြေကြားသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့မှာ ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာလမှစတင်ပြီး နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားနိုင်မှုကြောင့် မူလက စစ်ဘေးရှောင် ၂ သိန်းကျော်အထိ ရှိခဲ့ရာကနေ စစ်ဘေးရှောင်တချို့မှာ မိမိနေရပ်သို့ ပြန်သွားမှုများ ရှိခဲ့သည်။ သို့သော်လည်း တချို့စစ်ဘေးရှောင်တို့မှာမူ ကျေးရွာအနီး မြန်မာစစ်တပ်က တပ်စွဲနေထိုင်မှုများ၊ ဒေသအတွင်း မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည့်အတွက် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးမှုများလည်း ရှိနေသည်။

လက်ရှိ ရခိုင်ရှိမြို့နယ် (၁၀)မြို့နယ်တွင် စစ်ဘေးရှောင်စခန်းပေါင်း (၁၇၀ )ရှိပြီး စခန်းအတွင်း ခိုလှုံနေရသည့် စစ်ဘေးရှောင်စုစုပေါင်း ဦးရေ ခုနစ်သောင်းကျော်ခန့်ရှိနေသေးကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက DMG ကိုပြောသည်။

ဗီဒီယိုများ