ပင်လယ်ပြင်ကမ်းနီးငါးမဖမ်းရ ကာလကို ပြောင်းလဲသတ်မှတ်မည်

ပင်လယ်ပြင်ရှိ ရေပေါ်ရေအောက် ငါးသယံဇာတများ ပြန်လည်တိုးမြင့်စေရန်အတွက် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ပြင်ကမ်းနီငါးမဖမ်းရ ကာလကို ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

By သီဟ 23 Nov 2020

သီဟ| DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ပင်လယ်ပြင်ရှိ ရေပေါ်ရေအောက် ငါးသယံဇာတများ ပြန်လည်တိုးမြင့်စေရန်အတွက် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ပြင်ကမ်းနီငါးမဖမ်းရ ကာလကို ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခင်က နှစ်စဉ် ဇွန်လမှ သြဂုတ်လအထိကို ငါးသားပေါက်ချိန်ဖြစ်သည်ဟုဆိုကာ ငါးမဖမ်းရ ကာလအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ပညာရှင်များ၏လေ့လာဆန်းစစ်မှုများ၊ ရေလုပ်သားများ၏ တင်ပြချက်များအရ ပင်လယ်ငါးများ၏ အမှန်တကယ်ငါးသားပေါက်ချိန် ဖြစ်သည့် စက်တင်ဘာ၊အောက်တိုဘာနှင့် နိုဝင်ဘာလများကို ကမ်းနီးငါးမဖမ်းရ ကာလအဖြစ် ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းထွန်းက DMGသို့ပြောသည်။

“ဟိုးတုန်းကဆရာတွေက ရေငံငါးသားပေါက်ချိန်ကို အတိကျ လေ့လာတာတွေမလုပ်နိုင်ခဲ့တော့ ရေချိုငါးသားပေါက်ချိန်ကို ကြည့်ပြီး ရေငံငါးသားပေါက်ချိန်ကိုလည်း ဒီအတိုင်းပဲသတ်မှတ်ခဲ့ကြပုံရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သုတေသနစစ်တမ်းတွေနဲ့ လက်ရှိရေလုပ်သားတွေပြောပြချက်တွေအရ ရေငံငါး သားပေါက်ချိန် အမှန်ကိုသိလာရတော့ နောက်လာမယ့် ၂၀၂၁ခုနှစ်ကစပြီး ဖြည်းဖြည်းချင်း ပြောင်းလဲသတ်မှတ်သွားမှာပါ”ဟု သူကဆိုသည်။

လာမည့် ၂၀၂၁ခုနှစ်တွင် ပင်လယ်ကမ်းနီးငါးမဖမ်းရကာလကို ဇူလိုင်လမှ စက်တင်ဘာလ အထိလည်းကောင်း ၊လာမည့် ၂၀၂၂ခုနှစ်တွင် သြဂုတ်လ မှ အောက်တိုဘာလအထိလည်းကောင်း၊၂၀၂၃တွင် စက်တင်ဘာလမှ နိုဝင်ဘာလအထိလည်းကောင်း တဖြည်းဖြည်းချင်း ပြောင်းလဲ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာသိန်းထွန်းက ပြောသည်။

“ဝုန်းခနဲ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ကျွန်တော်တို့အနေနဲ့ ဒီနှစ်လုပ်မယ် နောက်နှစ်ငါးသယံဇာတ တိုးစေရမယ်ဆိုပြီး လုပ်လို့မရဘူးလေ။ တစ်ဖက်ကလည်း စီမံခန့်ခွဲမှုအပိုင်းကိုသွားသလို၊ တစ်ဖက်ကလည်း လူတွေရဲ့လူမှုစီးပွားဘဝကို ထည့်တွက်ရမယ်လေ။ ပြည်သူတွေနဲ့လည်း ကိုက်ညီအဆင်ပြေမှုရှိအောင် တဖြည်းဖြည်း ပြောင်းလဲသွားမှာပါ”ဟု သူကရှင်းပြသည်။

ယခုကဲ့သို့ ငါးမဖမ်းရရာသီကို ပြောင်းလဲသတ်မှတ်ခြင်းသည် ငါးသယံဇာတ တိုးပွားလာရေးအတွက် ပိုမိုကောင်း မွန်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပေါက်တောမြို့နယ်၊ပတင်းကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ကဆိုသည်။

“သူတို့ခွင့်မပြုတဲ့အချိန်မှာ ငါးတွေက ဥသိပ်မပါဘူးဗျ။ အဲအချိန်မှာ ပိတ်ထားတော့ ကျနော်တို့အတွက် နစ်နာပါတယ်။ ကျောက်ပုဇွန်တွေကိုဆိုရင် ကိုးလပိုင်း၊ ဆယ်လပိုင်း လောက်မှ ဥတွေနဲ့တွေ့ရတယ်။ ငါးသလောက်တွေရောပဲ ။ဒါကြောင့် အခုလိုလုပ်လိုက်တော့ ကျွန်တော်တို့ အတွက်တော့ အဆင်ပြေပါတယ်”ဟု သူကပြောသည်။

သို့သော် လူအင်အားအများအပြား အသုံးပြုရသည့် ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူများမှာ အောက်တိုဘာလကုန်ခန့်တွင် စတင်ကာ ဧပြီလလယ်ခန့်အထိ ကမ်းနီးငါးဖမ်း လုပ်ငန်းလုပ်ကိုင်ပြီး ကျန်သည့်အချိန်များတွင် ရပ်နားထားရသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်ပါက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ကာလကို ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် စားဝတ်နေရေးအတွက် အခက်တွေ့နိုင်ကြောင်း သံတွဲမြို့ ဂျိတ္တောရပ်ကွက်မှ ကျော့ပိုက်လုပ်ငန်း လုပ်ကိုင်သူ ကိုမောင်ညိုက ဆိုသည်။

“ဒီလိုမျိုး နောက်ဆုတ်လိုက်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အခက်ခဲအများကြီး ဖြစ်သွားနိုင်တယ်။ ကျနော်တို့ ကျော့ပိုက်လုပ်ငန်းက ဒီပွင့်လင်းရာသီမှာပဲ လုပ်ရတာလေ။ ကျန်တဲ့အချိန်မှာ နားနေကြရတာ။ ပြီးတော့ ဒီလုပ်ငန်းကိုမှီခိုနေတဲ့ မိသားစုတွေ အများကြီး အခက်ခဲဖြစ်သွားနိုင်တယ်”ဟု သူကပြောပြသည်။

မြန်မာနိုင်ငံတွင် ငါးသားပေါက်ရာသီ(ငါမဖမ်းရကာလ)တွင် ငါးဖမ်းဆီးမှုပြုလုပ်ပါက ပုဒ်မ ၄၄ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ၃ သိန်းအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေတွင် ပြဌာန်းထားသည်။

ဗီဒီယိုများ