ရခိုင်တွင် ဂွနှင့်သံတွဲမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များရှိ တိုက်နယ်ဆေးရုံအချို့၌ ဆရာဝန်များလိုအပ်နေ

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှလွဲ၍ ကျန်သောမြို့နယ်များမှ တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်ထံမှ သိရသည်။

By ကျော်သူဌေး 29 Dec 2020

ဓာတ်ပုံ - ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၂၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှလွဲ၍ ကျန်သောမြို့နယ်များမှ တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်ထံမှ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် တိုက်နယ်ဆေးရုံ ၅၃ ခုရှိသည့်အနက် ဆရာဝန်လုံလောက်မှုမရှိ၍ တိုက်နယ်ဆေးရုံ ၂၃ ခုမှာ ဆရာဝန်မရှိသေးခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“တိုက်နယ်ဆေးရုံမပြောနဲ့မြို့နယ်ဆေးရုံမှာ မြို့နယ်ဆရာဝန် တစ်ယောက်တည်းရှိတဲ့ ဆေးရုံတွေ ၃ ရုံ၊ ၄ ရုံ လောက်ရှိနေတယ်။ ရခိုင်တစ်ခုတည်းတော့မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာကို ဆရာဝန်မလုံလောက်ဘူး” ဟု ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ရှင်းပြသည်။

ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူမြို့နယ်တို့အတွင်းရှိ တိုက်နယ်ဆေးရုံအချို့တွင် ဆရာဝန်မရှိခြင်းဖြစ်သည်။

ယင်းသို့တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသဖြင့် တိုက်နယ်ဆေးရုံများကိုမှီခိုအားထားနေရသည့် ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသခံယူမှုအပိုင်းမှာ များစွာအခက်အခဲရှိကြောင်း ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂ လခန့် ကြာမြင့်နေပြီဖြစ်ကာ ၎င်းဆေးရုံကိုမှီခိုနေရသည့် ကျေးရွာပေါင်း (၆၄)ရွာမှ လူဦးရေငါးသောင်းကျော်သည် ကျန်းမာရေးပိုင်းဆိုင်ရာအတွက် အခက်အခဲရှိကြောင်း ပိုးရွှီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ပြောသည်။

“ဆရာဝန်ပြောင်းသွားတာက ၂ လလောက်ရှိပါပြီ။ အခုဆေးရုံမှာ Nurse သုံးယောက်သာရှိပါတယ်။ ဆရာဝန်မရှိရင်တော့ ခွဲစိတ်မှုအပိုင်းတွေက လုပ်လို့မရဘူး။ ဒီမှာကုလို့မရတဲ့အတွက် လူတွေက စစ်တွေဆေးရုံကို သွားပြီးကုနေရတယ်။ လမ်းခရီးအခက်အခဲက အများကြီးရှိတယ်” ဟု ၎င်းကဆိုသည်။

ပိုးရွှီပြင်ကျေးရွာအုပ်စုသည် ဝေးလံခေါင်ဖျားပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားနေရသဖြင့် အရေးပေါ်အခြေအနေဖြစ်လာလျှင် လူနာများအသက်ဆုံးရှုံးခြင်းများ ဖြစ်လာနိုင်သဖြင့် ဆရာဝန်ချပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

ဗီဒီယိုများ