ရခိုင်စစ်ဘေးရှောင်များ အကူအညီရရှိမှုနည်းပါးလာ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အကူအညီရရှိမှု နည်းပါးလာသည်ဟု စစ်ဘေးရှောင်အရေး  ဆောင်ရွက်နေသူများက ပြောသည်။

25 Jul 2019

မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ ဓာတ်ပုံ - DMG

အောင်ထိန် | DMG

ဇူလိုင် ၂၄ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အကူအညီရရှိမှု နည်းပါးလာသည်ဟု စစ်ဘေးရှောင်အရေး  ဆောင်ရွက်နေသူများက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီရန် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများမှာ ဘက်ဂျက်အင်အားနည်းပါးလာသောကြောင့် ကူညီမှုလျှော့နည်းသွားခြင်းဟုဆိုသည်။ ယင်းအပြင် အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့်လည်း အကူအညီရရှိမှုနည်းပါးလာသည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် သဘာဝနဒီဆရာတော်က မိန့်ကြားသည်။

“အရင်တုန်းက ဒုက္ခသည်စခန်းတစ်ခုအတွက် ဆန်အိတ် (၅၀) ပေးနိုင်တာတစ်ခုကို အခု (၃၀) လောက်ပဲ ပေးနိုင်တော့တယ်။ ကိုယ်တော်တို့က online အလှူခံဌာနဖြစ်တယ်။ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ပြည်ပအလှူရှင်တွေအနေနဲ့ လိုအပ်ချက်တွေကို မသိနိုင်တဲ့အတွက်  ဘတ်ဂျက်ဝင်လာမှု နည်းလာတာကြောင့်ဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။

အကူအညီများရရှိမှုနည်းပါးလာလျှင် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အခက်အခဲရှိလာမည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“နွေရာသီဆိုတော့ အဖွဲ့အစည်းတွေ အများကြီးရောက်ကြတယ်။ မိုးရာသီဆိုတော့ အလှူရှင်တွေကို ကျွန်တော်တို့မှာ လိုအပ်တာတွေရှိတယ်။ လာကူညီပေးကြပါလို့ ဖိတ်ခေါ်ရတာတွေရှိတယ်။ အခုလိုအလှူရှင်နည်းရင်တော့ ကျွန်တော်တို့ စခန်းအတွက် အခက်အခဲကပိုတိုးလာနိုင်တယ်” ဟု  ၎င်းက ဆိုသည်။

မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင်လည်း လတ်တလောတွင် အခက်အခဲမရှိသော်လည်း ကူညီမှုနည်းပါးလာလျှင် စစ်ဘေးရှောင်များအတွက် အခက်အခဲရှိလာမည်ဟု ဆိုသည်။

“ကူညီမှုအတိုင်းအတာကတော့ အခုတစ်လနှစ်လလောက်တော့ အခက်အခဲမရှိဖြတ်သန်းလို့ရတယ်။ ကူညီမှုဒီထက်နည်းလာရင်တော့ စခန်းအတွက် ဒုက္ခရောက်မယ့် အခြေအနေတွေရှိတယ်။ တခါတလေကျရင်လည်း ကိုယ့်အိတ်ထဲကစိုက်ပြီး လိုအပ်တာတွေအတွက် ဝယ်ပေးရတာတွေရှိတယ်” ဟု မြတန်ဆောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်အေးကျော်က ပြောသည်။

စစ်ဘေးရှောင်များကို ထောက်ပံ့ရန်အတွက် ကူညီသည့်အဖွဲ့အစည်းများက အင်တာနက်ပေါ်တွင် အလှူခံကြသည်။ သို့သော် အစိုးရက ဇွန်လ ၂၁ ရက်နေ့ကစတင်ကာ ရခိုင်ပြည်နယ် မြို့နယ် (၈) ခုနှင့် ချင်းပြည်နယ် ပလက်ဝ တို့တွင် အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် အင်တာနက်ပေါ်တွင် အလှူခံရန် အခက်အခဲရှိနေကြသည်။

တစ်ချို့အဖွဲ့အစည်းများကလည်း စစ်ဘေးရှောင်များအတွက် မြို့ပေါ်များတွင် လှည့်လည်အလှူခံကြသော်လည်း ရဲတပ်ဖွဲ့၏ တားဆီးမှုကိုခံနေရသည်။ ဇူလိုင်လ ၂၂ နေ့ကလည်း စစ်တွေမြို့တွင် လှည့်လည်အလှူခံနေသည့် အဖွဲ့အစည်းတစ်ခုကို ခွင့်ပြုချက်မဲ့လုပ်ဆောင်သည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးက လူရှစ်ဦးကို တစ်ဦးလျှင် ငွေနှစ်သောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များကိုလည်း ICRC နှင့် WFP ကလွဲပြီး တခြားနိုင်ငံတကာအဖွဲ့အစည်းများကို လုံခြုံရေးစိုးရိမ်ရသည်ဟု အကြောင်းပြချက်ဖြင့် ယင်းဒေသများသို့ မသွားရောက်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်။ ထို့ကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်စေသည်ဟု ကူညီရေးအဖွဲ့များက ဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၅)သောင်းကျော် အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ