မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် အနွေးအထည်များလိုအပ်နေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် အနွေးအထည်များ လိုအပ်လျှက် ရှိနေသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

By မြတ်ဆွေ 28 Dec 2020

ဓာတ်ပုံ - facebook/ နှင်းခါးနန်းမြို့

မြတ်ဆွေ | DMG
ဒီဇင်ဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် အနွေးအထည်များ လိုအပ်လျှက် ရှိနေသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

လူဦးရေ ၄၀၀ ကျော် ခိုလှုံလျှက်ရှိသော စညှင်းစစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ် နေသည်မှာ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“ဆန်၊ ဆီ၊ ဆားတွေလိုအပ်နေတယ်၊ အဓိကတော့ဆန်ပေါ့။ အခုတော့ သင်္ဃာတစ်ပါးက တစ်ပတ်စာလောက် လှူထားတယ်။ ရှေ့အပတ်ဆိုကုန်ပြီ” ဟု စညှင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဦးမောင်ကျန်သိန်းက ပြောသည်။

စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်များမှာ အနီးပတ်ဝန်းကျင်ဒေသများ၌ ကြုံရာကျဗန်း လုပ်ကိုင် လိုသော်လည်း အလုပ်အကိုင်ရှားပါးမှုနှင့်ကြုံနေရကြောင်း ၎င်းကဆိုသည်။

စညှင်းစစ်ဘေးရှောင်စခန်းမှာ တရားဝင်အသိအမှတ်ပြုမခံရ၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်များ ကလည်း ကူညီထောက်ပံ့ပေးခြင်းမရှိကြောင်း သိရသည်။ သို့ဖြစ်၍ ICRC နှင့် WFP တို့မှ ကူညီထောက်ပံ့မှုကို ခွင့်ပြုပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

“မင်းပြားက စားနပ်ရိက္ခာလှူဖို့လာရင် ယိုးချောင်းတံတားမှာ တားဆီးခံရတာတွေ၊ အမ်းမြို့ဖက်က လှူဖို့ လာရင်လည်း ကဇုကိုင်းတံတားအနားမှာ တားဆီးခံရတယ်။ ဒါကြောင့် လှူဒါန်းမှုတွေအားနည်းတယ်။ ကိုယ်တော်မှာကလည်း အလှူဝင်ငွေနည်းတဲ့အတွက်ကြောင့် ရိက္ခာပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတာပေါ့” ဟု စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုယ်တော်သဘာဝနဒီက ရှင်းပြသည်။

အလားတူ လူဦးရေ ၁၀၀ ကျော်ခိုလှုံလျှက်ရှိသော ကိုင်းကြီးစစ်ဘေးရှောင်ခန်းတွင်လည်း အခြေခံစားသောက်ကုန် ပြတ်လပ်နေသည်မှာ ၂ ပတ်ကျော်ရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

“စားနပ်ရိက္ခာက စခန်းမှာလုံးဝမရှိတော့ဘူး။ ကျနော်ဆို နီးစပ်ရာရွာက ဆန်စက်တွေကနေ အကြွေးဝယ်ယူပြီး စခန်းကိုပေးနေရတယ်” ဟု စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောသည်။

ထို့အပြင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ လူဦးရေ ၁၆၀၀ ကျော်ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတွင်လည်း ဆောင်းရာသီဖြစ်၍ ဒုက္ခသည်များအတွက် အနွေးအထည်များ လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးသာက ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အစိုးရက ဆန်အိတ် ၃၀၀ ကျော်ကို ထောက်ပံ့ပေးလာတာရှိတယ်။ စခန်းမှာလည်း လူဦးရေကများတော့ ဒီထက်ပိုပြီးထောက်ပံ့ပေးစေချင်တယ်။ နောက်ပြီးတော့ စောင်တွေ၊ ဖျာခင်းတွေ၊ ခြင်းထောင်တွေ လိုအပ်နေပါတယ်” ဟု စခန်းတာဝန်ခံက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော် ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ