တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးအထောက်အပံ့များ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

20 May 2022

Photo Credit - ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များကူညီရေး အထောက်အကူပြုရေးအဖွဲ့

DMG ၊ မေ ၂၀

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးအထောက်အပံ့များ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

တနင်္သာရီတိုင်းမှ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီမြို့နယ်များရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများရှိနေပြီး ကုသရန်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးမှပြောသည်။

"အခုမိုးတွင်းစလာပြီဆိုတော့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတို့အတွက် ကုသဖို့ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ အလှူခံနေတာရှိပေမဲ့ အခုအထိရဖို့ကို ချိတ်ဆက်နေရတုန်းဖြစ်နေလို့ပါ”ဟု ၎င်းမှပြောသည်။

မြိတ်-တနင်္သာရီ-ထားဝယ် ကားလမ်းမတစ်လျှောက်တွင် မြန်မာစစ်တပ်မှ စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် လှူဒါန်းထားသည့် ဆေးဝါးနှင့်ရိက္ခာများကို စစ်ရှောင်စခန်းများသို့ပို့ဆောင်ရန် အခက်အခဲများရှိနေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့အပြင် ဒေသခံစစ်ဘေးရှောင်များအတွက်ကုသပေးရန် ကျန်းမာရေးဝန်ထမ်းများ ပိုမိုလိုအပ်နေပြီး လက်ရှိအချိန်ထိ ဆေးဝါးကျွမ်းကျင်သူများသာ စောင့်ရှောက်ပေးနေရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

"အခုထိ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိသေးဘူး။ ဆေးဝါးကျွမ်းကျင်တဲ့သူတွေကပဲ ကုသပေးနေရတယ်"ဟု စစ်ဘေးရှောင်များကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှဆိုသည်။

KNU တပ်မဟာ(၄)နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းအတွင်း မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံသုံးထောင်ကျော်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများနှင့် တောတောင်များအတွင်း ခိုလှုံနေကြရသည်။

ဗီဒီယိုများ