မင်းပြားမြို့တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း ကိုဗစ်စာင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

28 Jul 2021

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း ကိုဗစ်စာင့်ကြည့်ရေးအဖွဲ့မှ သိရသည်။

လက်ရှိမင်းပြားတွင် ကိုဗစ်လူနာများအတွက် O2 Cylider တစ်လုံးမျှ မရှိတော့သည့်အတွက် O2 Concentrator (၈) လုံးဖြင့် လုံလောက်အောင်အသုံးပြုနေရသည်ဟု မင်းပြားမြို့နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးဦးကျော်ဌေးက ပြောသည်။

"ကိုဗစ်လူနာတွေက အောက်ဆီဂျင်ရှိရင်တောင်မှ သေနေကြတာ။ အောက်ဆီဂျင်သာ မရှိတော့ဘူးဆိုရင်တော့ အလွန်စိုးရိမ်စရာပေါ့နော်။ အောက်ဆီဂျင်က ကုသရေးမဟုတ်ရင်တောင်မှ အေဓိကအထောက်အကူတစ်ခုဖြစ်တယ်။ အောက်ဆီဂျင် ကျလာတဲ့လူနာတစ်ယောက်ကို ပေးဖို့အတွက် အောက်ဆီဂျင်မရှိဘူး ဆိုရင် အဲဒီလူနာဟာ အချိန်အတိုအတွင်း အသက်ဆုံးရှုံးသွားနိုင်တယ်" ဟု ဆိုသည်။

မင်းပြားမြို့တွင် အောက်ဆီဂျင်များကို မြောက်ဦးအောက်ဆီဂျင်စက်ရုံ၏ အကူအညီဖြင့်အသုံးပြုနေရခြင်းဖြစ်ပြီး လက်ရှိမြောက်ဦးမြို့ဆေးရုံးကြီးတွင် အောက်ဆီဂျင်အသုံးပြုရသည့် လူနာများလာသည့်အတွက် ယခုကဲ့သို့ အခက်ကြုံတွေ့ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

မင်းပြားမြို့တွင် ကိုဗစ်အတည်ပြုလူနာ၊ ကြိတ်ကုလူနာများပြားလာသော်လည်း ကိုဗစ်စည်းကမ်းချက်များကို လိုက်နာသူများ ရှိသလို စည်းကမ်းလိုက်နာမှု အားနည်းနေသူများလည်း ရှိကြောင်း ပြောဆိုကြသည်။

ယင်းသို့ ဒေသခံများစည်းကမ်းလိုက်နာမှု အားနည်းခြင်းကို အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီးထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်သည်ဟု မင်းပြားလူငယ်များအစည်းအရုံး(MBYA) ဒါရိုက်တာ ကိုနေငြိမ်းချမ်းက ပြောသည်။

"ကျနော်တို့အဖွဲ့က mask မတပ်တဲ့သူတွေကို mask တပ်ဖို့ပေးတယ်။ ကျနော်တို့ရှေ့မှာ ခဏပဲတတ်တယ်။ နောက်လည့်ရင် မတတ်ကြတော့ဘူး။ သူတို့ကိုသူတို့ ကာကွယ်ဖို့ အခြား လူတွေကိုကာကွယ်ဖို့ အဲဒီလိုမဟုတ်ပဲ ကျနော်တို့ကိုအားနာလို့ ခဏလောက်ပဲ တပ်ကြတဲ့သဘောဖြစ်နေတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တယ်။ mask တပ်ဖို့လိုအပ်ပါတယ်။ မလိုက်နာတဲ့သူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ ထိထိ ရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်" ဟု ဆိုသည်။

မင်းပြားတွင် အောက်ဆီဂျင်ပြတ်လပ်နေခြင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့ကောင်စီဝင် ဦးသခင်ချိုက စစ်တွေမှ အောက်ဆီဂျင် ၅ လုံးနှင့် ပဲခူးတိုင်းမှ အောက်ဆီဂျင်အလုံး ၃၀ အကူအညီရထားကြောင်း ပြောသည်။

"အောက်ဆီဂျင်ရဖို့အတွက် ကျိန်းရိပ်ဂရုဏာအောက်ဆီဂျင်အဖွဲ့ကို စစ်တွေက ၅ လုံးယူခိုင်းလိုက်တယ်။ ပဲခူးတိုင်းကို အကူညီတောင်းထားတာကြောင့် အဲဒီကအလုံး ၃၀ ရတယ်။ မနက်ဖြန်မနက် ကိုယ်စားလှယ်တွေ ယူဖို့သွားမှာပါ" ဟုဆိုသည်။

မင်းပြားမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး ဆေးကုသခံနေပြီး ကိုဗစ်လူနာသေဆုံးသူ ၅ ဦးအထိ ရှိနေသည်။

ဗီဒီယိုများ