အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူများကို ပြန်လွှတ်ပေးရန် မိသားစုဝင်များလိုလား

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်လာမည်ဟု စွပ်စွဲခံထားရသူများ၏ မိသားစုဝင်များက မျှော်လင့်နေကြသည်။

13 Mar 2021

DMG ၊ မတ် ၁၃

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်လာမည်ဟု စွပ်စွဲခံထားရသူများ၏ မိသားစုဝင်များက မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သည်။

ULA/AA အနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို ပြုလုပ်ခြင်းမရှိသဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းကြောင့် အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူများလည်း ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ပြောသည်။

“စီမံအုပ်ချုပ်ရေးကောင်စီက အေအေကိုအကြမ်းဖက်အဖြစ်က ရုပ်သိမ်းပစ်ပြီလို့ကြေငြာလိုက်တော့ ကျွန်မတို့ သားလေးလွတ်မယ်လို့ မျှော်လင့်မိတယ်။ အပြစ်မရှိတာကြောင့် ပြန်လည်ပေးဖို့တောင်းဆိုပါတယ်။ မနေ့က အဲဒီလိုကြေညာတော့ ကျွန်မသားလေးလွတ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရုံးချိန်းကိုလာခဲ့တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈) ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃) ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် (၅) ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကိုညီညီအောင် (၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈) နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။

ယင်းဗီဒီယိုဖိုင်မှာပါသည့်အတိုင်း လုပ်ဆောင်ခြင်းမှာ တပ်မတော်တပ်ဖွဲ့ဝင်များ မှန်ကန်သည့်အတွက် ထိုသို့ လုပ်ဆောင်ခဲ့သူများအား စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ကျောက်ဆိပ်ကျေးရာသား ၅ ဦးမှာ AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ဧပြီ ၂၃ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။

၎င်းတို့ ၅ ဦး အဆိုပါမှုဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် ၅၅၀ တပ်ရင်းက ဒုတပ်ရင်းမှူးကိုယ်တိုင် စစ်မြို့နယ်တရားရုံးသို့ရောက်လာပြီး ထိန်းသိမ်း ခံထားရသူများမှာ အပြစ်မရှိသည့်အကြောင်း ၎င်းကိုယ်တိုင်လက်မှတ်ထိုးခဲ့ပြီး ပြန်လွတ်မည်ဟုပြောဆိုခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“အပြစ်မရှိတော့ဘူးဆိုရင် ဘာကြောင့် ထိန်းသိမ်းထားတာလဲ။ ကျွန်မတို့ ကိုယ်သားကို ပြန်ခေါ်သွားချင်တယ်။ တစ်စက္ကန့်လည်း အချုပ်ထဲမှာမထားချင်ဘူး” ဟု ဖမ်းဆီးခံထားရသူ ကိုမင်းစိုး၏ မိခင်ဖြစ်သူ ဒေါ်စိန်ဝင်းက ယခု မတ်လ ၁၂ ရက် ရုံးချိန်းမှာ သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုညီညီအောင်အပါအဝင် ၅ ဦးကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ ၉ ဦးအနက် ၇ ဦးကို စစ်ဆေးပြီးဖြစ်ကာ ကျန် ၂ ဦးသာ ကျန်ရှိကြောင်း၊ မနေ့က ရုံးချိန်တွင် အဆိုပါသက်သေနှစ်ဦးမရောက်ရှိသဖြင့် လာမည့် မတ်လ ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသူထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဆိုလျှင် အကြမ်းဖက်အမှုဖြင့် စွဲဆိုခံထားရသူများ၏ အမှုကိုလည်း ဥပဒေကြောင်းအရ ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

“အခုစွဲတင်ထားတဲ့ဟာတွေက အကြမ်းဖက်မှုနဲ့ စွဲတင်တာဖြစ်တဲ့အတွက်ကြောင့် ဥပဒေကြောင်းအရဆိုရင် တရားစွဲဆိုဖွဲ့အစည်းကတော့ ဒီအမှုကိုရုပ်သိမ်းရမှာပဲ။ အကြမ်းဖက်ကိုဖျက်သိမ်းလိုက်ပြီဆိုရင် သူတို့က ကြမ်းဖက်မဟုတ်တော့ဘူး။ မဟုတ်တော့ဘူးဆိုရင် ဥပဒေကြောင်းအရအမှုကို ရုပ်သိမ်းရမယ်ပေါ့” ဟု ဦးကျော်ညွှန့်မောင်က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိ ရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း၏ စာရင်းအရသိရသည်။

၎င်းတို့ထဲက တရားရုံးမှ ပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။

ဗီဒီယိုများ