ကျောက်တော်မြို့နယ်မှ စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမဦးရေ ၃၀၀ ကျော် လိုအပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အခြေခံမူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမ လုံလောက်မှု မရှိသဖြင့် ဆရာများ အချိန်မီခန့်အပ်ပေးရန် အစီစဉ်ရှိ၊ မရှိကို စက်တင်ဘာလ ၁၉ ရက်နေ့က အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က မေးမြန်းခဲ့သည်။

By ကျော်သူဌေး 19 Sep 2019

ဓာတ်ပုံ - ကျောက်တော်မြို့နယ်ပညာရေးမှူးရုံး

ကျော်သူဌေး | DMG

စက်တင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အခြေခံမူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမ လုံလောက်မှု မရှိသဖြင့် ဆရာများ အချိန်မီခန့်အပ်ပေးရန် အစီစဉ်ရှိ၊ မရှိကို စက်တင်ဘာလ ၁၉ ရက်နေ့က အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က မေးမြန်းခဲ့သည်။

ကျောက်တော်မြို့နယ်အတွင်းတွင် စာသင်ကျောင်း ၂၅၉ ကျောင်းရှိရာ လိုအပ်သောဆရာ၊ ဆရာမဦးရေမှ ၁၀၉၉ ဦးဖြစ်ပြီး လက်ရှိတွင်ဆရာ၊ ဆရာမ ၇၆၀ ဦးရှိသဖြင့် လစ်လပ်အင်အား ၃၃၉ ဦးဖြစ်ကြောင်း သိရသည်။

“အ.မ.က(ဆင်သေပြင်)တွင် ကျောင်းသားဦးရေ ၇၃ ဦးရှိတယ်။ ကျောင်းအုပ်တစ်ဦးသာရှိပြီး ဆရာ၊ဆရာမ လုံးဝမရှိဘူး။ ကျေးရွာကငှားရမ်းပြီး ကျောင်းဖွင့်လှစ်ကာ ပညာသင်ကြားနေရတယ်။ ငှားရမ်းတဲ့ ဆရာ၊ဆရာမ တွေကို ထောက်ပံ့ငွေပေးရာမှာ အဆင်မပြေဖြစ်နေတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

ထို့ပြင် အ.မ.က(ကြောင်ဖို)ကျောင်း၊ အ.မ.က(ခွဲ)တဲဝကျောင်း၊ အ.မ.က(ခွဲ) (ဆတ်ကွပ်ချောင်း)ကျောင်း၊ အ.မ.က(ခွဲ) (ကုလားချောင်း)ကျောင်း၊ အ.မ.က(ခွဲ) (အောင်လံချောင်း)ကျောင်း၊ အ.မ.က(ခွဲ) (ပင်ဇိုင်း ရွာဟောင်း)ကျောင်း စသောကျောင်းများတွင် ဆရာ၊ ဆရာမလုံးဝမရှိကြောင်းလည်း ၎င်းကပြောသည်။

အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အခြေခံအဆင့်မှနေ၍ ကောင်းမွန်စွာပညာသင်ကြား နိုင်ရေးအတွက် အစိုးရပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်လျက်ရှိသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကို အချိန်မီခန့်အပ်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ဆိုသည်။

ဦးမြင့်နိုင်၏မေးမြန်းချက်အပေါ် ၎င်းကျောင်းများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ပေးထားသည့် ကျောင်းများဖြစ်ပြီး အဆိုပါကျောင်းများတွင် သင်ကြားရေးအဆင်ပြေစေရန် ကျေးရွာအစီ အစဉ်ဖြင့် ပြင်ပဆရာ၊ ဆရာမများမှ သင်ကြားပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားခဲ့သည်။

ထိုသိ့ အဆင့်တိုးကျောင်းများအတွက် ဖွဲ့စည်းပုံရာထူးခွဲဝေချက်ရရှိပါက ကျောင်းအဆင့်တိုးထားသော အခြေခံပညာကျောင်းများတွင် ရာထူးအတိုး/အပြောင်း လျှောက်ထားသူများအနက် လစ်လပ်နေသော ကျောင်းများအတွက် PPTT သင်တန်းဆင်းများ၊ DTEd သင်တန်းဆင်းများကို ခန့်ထားရေး စီစဉ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီး အခြေခံပညာမူလတန်းကျောင်းနဲ့ မူလတန်းကျောင်း(ခွဲ)များမှာ ဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စတွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းတွင် ကျေးရွာပေါင်း ၁၈၄ ရွာရှိပြီး အထက်တန်းကျောင်း ၁၀ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း ၂၂ ကျောင်း၊ အ.လ.က ၁၅ ကျောင်း၊ အ.လ.က(ခွဲ) ၂၆ ကျောင်း၊ မူ(လွန်) ၃၄ ကျောင်း၊ အ.မ.က ၁၁၆ ကျောင်း၊ အ.မက(ခွဲ) ၃၆ ကျောင်း၊ စုစုပေါင်းကျောင်း ၂၅၉ ကျောင်းရှိသည်။

ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ ကျောင်းနှင့် ပုဂ္ဂလိကကျောင်း ၆ ကျောင်းရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ