တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု) Development Media Group (DMG)  

03 Aug 2021


ဇူလိုင် ၂၃
■ လက်ရှိတွင် မြောက်ဦးကလွဲပြီး ရခိုင်ပြည်အတွင်း အောက်ဆီဂျင်စက်ရုံများ မတည်ဆောက်နိုင်သေးသည့် အချိန်တွင် ရခိုင်ပြည်နယ် စစ်ကောင်စီကပဲ စီမံခန့်ခွဲနေရသည့်အတွက် အပြုသဘောမဆောင်သည့် ရေးသားချက်များကို လက်မခံဟု ရခိုင်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက သူ၏ ပြန်ကြားရေးဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှ ပြောကြားလိုက်သည်။
■ မြို့နယ်အလိုက် တည်ဆောက်ကြမည့် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်း မဟုတ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တွေ့ဆုံပွဲတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
■ ရခိုင်ပြည် မြောက်ဦးမြို့ သာသနာလင်္ကာရ စာသင်တိုက်တွင် ၉ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၁၂ နှစ်အရွယ် ကိုရင်နှစ်ပါး စုစုပေါင်း ကိုရင်သုံးပါးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
■ အများပြည်သူအလုပ်ပိတ်ရက်ကို ဇူလိုင်လ ၂၆ မှ ဩဂုတ်လ ၁ ရက်နေ့အထိ နောက်ထပ်တစ်ပတ် တိုးမြှင့်ကြောင်း ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် စစ်ကောင်စီက ကြေညာခဲ့သည်။
■ ကျောက်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာနှစ်ဦးမှာ ဇူလိုင်လ ၂၃ ရက်နေ့ ညနေက သေဆုံးသွားခဲ့သည်။
■ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် တေးသံရှင်မျက်နီ(ကိုညီညီ)သည် COVID-19 ကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီခွဲခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းနေအိမ်တွင် သေဆုံးသွားခဲ့သည်။
■ ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးအထိရှိခဲ့သည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံးမှဆင်းသွားကြပြီးဖြစ်သောကြောင့် စခန်းအား ဇူလိုင်လ ၂၃ ရက်နေ့မှစပြီး Lock down ပြန်ဖွင့်ပေးလိုက်သည်။
ဇူလိုင် ၂၄
■ မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးကူးစက်မှု များလာနေသဖြင့် အရေးပေါ်အခြေအနေတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ဇူလိုင် ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုများပြားနေပြီး ရောဂါကူးစက်မှုလည်း များပြားလာနေသည့်အတွက် မြောက်ဦးဒေသကို လာမည့် ၂၀၂၂ ခုနှစ်အတွင်း ယူနက်စကို (UNESCO) စာရင်းဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာ တင်သွင်းမည့်အပိုင်းတွင် နှောင့်နှေးလာနိုင်သည်ဟု သက်ဆိုင်သည့် ပုဂ္ဂိုလ်များက သုံးသပ်ကြသည်။
■ စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆရာဝန်အင်းအား မလုံလောက်သည့်အတွက် ကိုဗစ်ပိုးတွေ့လူနာဆောင်များတွင် ကျပ်သိန်း ၄၀ ဖြင့် CCTV များ ပြန်လည်တပ်ဆင်ပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
ဇူလိုင် ၂၅
■ ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စစ်ဘေးရှောင်စခန်းတချို့မှာ ရေကြီးမှုနှင့်ကြုံတွေ့ခဲ့ကြရပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
■ ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ဇူလိုင်လ ၂၅ရက်နေ့ ညဘက် ၁၂ နာရီခန့်က ဓါးပြတိုက်မှုဖြစ်ပွား၍ ရွှေ ၁၂ ကျပ်နှင့် ငွေသား သိန်း ၈၀ ပါသွားကြောင်း သိရသည်။
■ ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ မြိုနှင့် ခမီတိုင်းရင်းသားများနေထိုင်ရာ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်း ဖြစ်နေပြီး စခန်းတစ်ခုလုံး စားနပ်ရိက္ခာ ပြတ်လပ်နေလျှက် ရှိသည်။
■ ရခိုင်ပြည် မင်းပြားမြို့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် အသက် ၆၂ အရွယ်အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၆ နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။
■ စစ်တွေမြို့၊ မင်းဂံအကွက် (၉)ရှိ မင်္ဂလာဇေယျုံကျောင်းထိုင်ဆရာတော် ဦးဣန္ဒာစာရ (၆၈) နှစ်မှာ ကျောင်းတိုက်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိဘဲ တစ်ပါးတည်း ပျံလွန်တော်မူသွားခဲ့သည်။
ဇူလိုင် ၂၆
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ တောင်ကုတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅ ဖြင့် ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်ခဲ့သည်။
■ ရခိုင်ပြည်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်း နှစ်ခုအတွင်း သေဆုံးသူဦးရေထက် ယခု ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ သုံးဆခန့် ပိုမိုများပြားလာနေသည်။
■ ဘူးသီးတောင်မြို့ ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး နှိုးဆော်မှုများကို ဘူးသီးတောင်မြို့ပေါ်တွင် ပြုလုပ်ခဲ့ကြသည်။
■ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ COVID-19 တတိယလှိုင်းကာလ ကိုဗစ် ၁၉  နှင့် ပတ်သက်ပြီး ရခိုင်ပြည်သူလူထုထံ မိန့်ခွန်းပြောကြားခဲ့သည်။
ဇူလိုင် ၂၇
■ စစ်တွေမြို့တွင် Quarantine center မထားတော့ဘဲ positive center သာ ထားတော့မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောခဲ့သည်။
■ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်ရန် ပြည်နယ်ကောင်စီနှင့် သဘောတူညီထားသော်လည်း လက်ရှိမှာ ကျေးရွာအတွင်း ပြန်လည်နေရာချထားရေးကိစ္စများ လုပ်ဆောင်သည်ကို မတွေ့ရသေးသောကြောင့် နေရပ်ပြန်နိုင်ရေးမှာ မသေချာသေးကြောင်း ၎င်းကျေးရွာသားများကပြောသည်။
■ သံတွဲမြို့ရှိ သံတွဲခရိုင်ဆေးရုံတွင် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့ခဲ့ရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။
■ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးရေလျှံ မှုကြောင့် ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်မှာ ရေနစ်မြုပ်နေကြောင်းနှင့် ရွာချင်းဆက်တံတား ၃ စင်းမှာလည်း ရေထဲမျောပါသွားခဲကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
■ မြောက်ဦးမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်များကို ဇူလိုင် ၂၇ ရက်မှစ၍ အခြားမြို့နယ်များသို့ဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
■ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုမှ ဇူလိုင် ၂၇ ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
■ သံတွဲမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့က ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့ကာ ဆေးရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မီးသင်္ဂြိုလ်စက်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်မှုဖြစ်ခဲ့သည်။
ဇူလိုင် ၂၈
■ သံတွဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကောင်စီမှ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှာ ရေကြီးမှုကြောင့် ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
■ စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် သံတွဲမြို့နယ်မှရေကြီးခဲ့မှုကြောင့် လက်ရှိမှာရေပြန်ကျသွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေး အကူညီအညီများ လိုအပ်လျှက်ရှိကြောင်း သိရသည်။
■ မင်းပြားမြို့တွင် အောက်ဆီဂျင်အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း ကိုဗစ်စာင့်ကြည့်ရေးအဖွဲ့မှ သိရသည်။
■ ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်သန့်ဆေး၊ ဆပ်ပြာစသည်တို့ကို ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းများသို့ ဦးစားပေးအနေဖြင့် ဖြန့်ဝေပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောခဲ့သည်။
■ မောင်တောမြို့ ၃ မိုင်ရပ်ကွက်အနီးရှိ သီဟိုအေးကျေးရွာအတွင်း နေအိမ်များရေနစ်မြုပ်ခဲ့သည်။
■ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၉ နာရီခွဲအချိန်ခန့်က စစ်တွေမြို့ အဝေးပြေးကားဝင်းအနီး ပေါက်ကွဲမှု ၄ ခုနှင့် ၁၀ နာရီခွဲခန့်တွင် ပေါက်ကွဲမှု ၁ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ပေါက်ကွဲမှု ၅ ခု ဖြစ်ပွားခဲ့သည်။
■ သံတွဲမြို့နယ်မှ ရေဘေးသင့်ပြည်သူများကို ရခိုင်ပြည်နယ်စစ်ကောင်စီက ဆန်တစ်ပတ်စာနှင့် အခြားပစ္စည်းများ ပေးအပ်ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။
ဇူလိုင် ၂၉
■ သံတွဲမြို့ရှိ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းရှိ ဝန်ထမ်းလိုင်းခန်း၏ အရှေ့ကမ်းပါး ပြိုကျမှုကြောင့် ဝန်ထမ်းများကို နေရာပြောင်းရွှေ့ထားရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ပြောကြားခဲ့သည်။
■ ပြည်မဖက်မှ ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှု လုပ်ဆောင်ရာတွင် အသုံးပြုမှုအများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်းမိုးရာသီဆိုလျင် ကားလမ်းချော် ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။
■ ရခိုင်ပြည်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် ယခုကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ သုံးဆထိ ပိုမိုများပြားလာသော်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ ကျန်းမာရေးလိုက်နာမှုများ အားနည်းကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကခဲ့ပြောသည်။
■ Covid-19 တတိယလှိုင်းအတွင်း ကူးစက်ပြန့်ပွားမှု အရှိန်မြင့်နေသော်လည်း တရားရုံးများ၌ ကြားနာသည့် အမှုများကို ခေတ္တဆိုင်းငံ့ခြင်း(သို့)ရွှေ့ဆိုင်းမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။
■ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက တောပေါ်တွင်သစ်ပင်သွားခုတ်သည့် အမျိုးသားတစ်ဦးမှာ တောင်မြေပြိုကျ၍ သေဆုံးသွားခဲ့သည်။
ဇူလိုင် ၃၀
■ ရခိုင်ပြည်တွင် ၂၀၂၁ ဇန်နဝါရီလမှ ဇူလိုင် ၂၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၂ ဦး ရှိလာနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
■ သံတွဲမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်နေ့က ရေကြီးမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ယင်းနေအိမ်များအား ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်လျက် ရှိနေသည်။
■ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားသည့်အတွက် စခန်းမှ အလုပ်သမားများနှင့် မိသားစုများမှာ စားဝတ်နေရေးအခက်ခဲများနှင့်ရင်ဆိုင်နေရကြရသည်။
■ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးမှာ ဇူလိုင် ၂၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ပစိုင်းချောင်းဆည်သို့ မျှစ်ရှာထွက်ခဲ့စဉ် ဝက်ဝံကိုက်ခံခဲ့ရသည်။
■ ရခိုင်ပြည်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ၃ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူစုစုပေါင်း ၁၇၅ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
■ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားပြီးနောက် ကိုဗစ်ဖြင့်သေဆုံးခဲ့သည့် အမျိုးသမီးမှ မွေးဖွားခဲ့သော မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။
■ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီးတွင် ကားပျက်၍ ညအိပ်နေသည့် ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၁ တစ်ဦးတို့မှာ ဇူလိုင်လ ၃၀ ရက်နေ့ ညအချိန်တွင် ဓားဖြင့် အခုတ်ခံရပြီး ယာဉ်မောင်းဖြစ်သူသေဆုံးသွားကာ ယာဉ်နောက်လိုက်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။
■ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တသောမ မထေရ်မြတ်ကြီးမှာ ဇူလိုင်လ ၃၀ ရက် နေ့လည်ပိုင်းက လူကြီးရောဂါဖြစ်သည့် လေဖြန်းရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။
ဇူလိုင် ၃၁
■ ရခိုင်တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် Stay at Home ထုတ်ပြန်ထားသည်ကို မလိုက်နာဘဲ လူစုလူဝေးများ၊ ဝိုင်းဖွဲ့သောက်စားမှုများတွေ့ရသဖြင့် ပေါက်ကွဲသံဖြင့်သတိပေးမှုပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောခဲ့သည်။
■ ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်တွင် ရောဂါပိုးစစ်ဆေးသူများတွင် ၅၈ ရာခိုင်နှုန်းအထိ ပိုးတွေ့ရှိမှုမြင့်တက်နေကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။
■ ရခိုင်တွင် လိုအပ်သည့်အောက်ဆီဂျင်ကို လက်ရှိတွင် ပြည်နယ်အတွင်းမရရှိသေးသည့်အတွက် ပြည်မမှ အောက်ဆီဂျင်များကို အားကိုးနေရကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ဇူလိုင်လ ၃၁ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗီဒီယိုများ