ရခိုင်ဝန်ကြီးချုပ်၊ စည်ပင်ဝန်ကြီးနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေတို့သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်သည်။

By မင်းထွန်း 23 Jul 2020

မင်းထွန်း | DMG
ဇူလိုင် ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေတို့သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ယနေ့ထုတ်ပြန်လိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဦးညီပုသည် ဂွမြို့မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး စည်ပင်ဝန်ကြီးဦးဝင်းမြင့်သည် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၌ (NLD)ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် (၇)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မဲဆန္ဒနယ်အမှတ်(၅)၊ (၆)၊ (၈)၊ (၉)၊ (၁၀) စသည့် နေရာ(၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန် ထားသည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် (၁၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂၉)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ကျောက်တော်နှင့် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ မြောက်ဦးမြို့ မဲဆန္ဒနယ်အမှတ်(၂)နှင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ