တိုင်းရင်းသားပါတီ (၄၈)ပါတီအား ပူးပေါင်းပါဝင်ရန် လက်ရှိအာဏာရပါတီ NLD ဖိတ်ခေါ်

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ရည်မှန်းချက် များနှင့် တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုဌာနချုပ်မှ တိုင်းရင်းသားပါတီ ၃၉ ခုသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

By မင်းထွန်း 13 Nov 2020

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးကာလက NLD ထောက်ခံသူများ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွင်ပါဝင်နေသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - Aung Phyo Kyaw's facebook)


မင်းထွန်း | DMG
နိုဝင်ဘာ ၁၃ ၊ စစ်တွေ

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ရည်မှန်းချက် များနှင့် တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုဌာနချုပ်မှ တိုင်းရင်းသားပါတီ ၄၈ ခုသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD ပါတီအဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီများထံသို့ အိတ်ဖွင့်ပေးပို့နေခြင်းဖြစ်သည်။

NLD ပါတီ၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေငြာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကို ပထမဆုံးကြွေးကြော်ထားသည့်အတွက် တိုင်းရင်းသားအရေးကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အောင်မြင်လိမ့်မည်ဟု ယူဆသည့်အတွက်ကြောင့် အိတ်ဖွင့်စာပေးပို့ရခြင်းဖြစ်သည်ဟု NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။

“တိုင်းရင်းသားတွေကြားမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ယုံကြည်မှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်တယ်လို့ ယုံကြည်တယ်။ အဲဒီတော့ လာမယ့်အနာဂတ် ပြည်ထောင်စုနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေ ဘယ်လိုဆန္ဒရှိတယ်ဆိုတာကို ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် သဘောတူညီမှုရလာခဲ့ရင် တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး အောင်မြင်လိမ့်မယ်လို့ ယူဆတဲ့ အတွက်ကြောင့်ပါ” ဟု ၎င်းကပြောသည်။

ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြ သော်လည်း အချို့သောပါတီများသည် မိမိတို့ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိ ရကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD ပါတီအဖွဲ့ချုပ်သည် နောင်အနာဂါတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိန်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကိုလည်း ရေးသားထားသည်။

ယင်းသို့ NLD ပါတီမှ အိတ်ဖွင့်စာပေးပို့ရာတွင်ပါဝင်သည့် ရခိုင်အမျိုးသားပါတီ(ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “ပါတီကိုတော့ မရောက်သေးဘူး။ ဒါပေမယ့် အွန်လိုင်းထက်မှာတော့ တွေ့တယ်။ အခုက သူတို့(NLD)က စာရွက်ထုတ်တာပဲရှိသေးတယ်။ ဒီလိုတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အလုပ်တစ်ခုကိုလုပ်ဖို့အတွက် စာတစ်စောင်ထုတ်တာနဲ့ ပြောလို့မရသေးဘူး။ ဒါပေမယ့် အဲဒီစာရဲ့အနေအထားအရ၊ အဲဒီစာမှာပါတဲ့အတိုင်း လက်တွေ့ဆောင်ရွက်နိုင်မယ်ဆိုရင် ကြိုဆိုတယ်” ဟု သူကပြောသည်။

ယင်းအပြင် NLD ပါတီမှပေးပို့သည့် အိတ်ဖွင့်စာမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)သို့ မရောက်ရှိသေးသော်လည်း NLD အစိုးရ၏ လုပ်ရပ်များသည် စောင့်ကြည့်ရမည့် လုပ်ဆောင်ချက်များဖြစ်ကြောင်း ယင်းပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးက ဆိုသည်။

“တိုင်းရင်းသားတွေအကျိုးကို တကယ်တမ်း လိုလားတယ်ဆိုရင်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တယ်ဆိုရင် အပြောနဲ့ပြလို့မရဘူး။ လုပ်ရပ်နဲ့ သက်သေပြရမယ်။ ပြီးသွားတဲ့ ၅ နှစ်တာ လုပ်ရပ်တွေက သံသယနဲ့စောင့်ကြည့်ရဖို့ လုပ်ရပ်တွေဖြစ်နေတယ်။ အဲဒီအတွက် အခုပြောတာကိုလည်း စောင့်ကြည့်နေမယ်ဆိုတဲ့ အသင့်ပဲရှိတယ်။ ပူးပေါင်းပါဝင်ဖို့ဆိုတာက ပါတီခေါင်းဆောင်တွေနဲ့ တိုင်ပင် ရအုံးမှာဖြစ်တယ်” ဟု ပြောသည်။

(NLD)ပါတီမှ အိတ်ဖွင့်စာပေးပို့ခဲ့သည့် တိုင်းရင်းသားပါတီ (၄၈)ခုမှာ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ထားဝယ် တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ)ပါတီတို့ ဖြစ်ကြသည်။

ယင်းအပြင် ရခိုင်အမျိုးသားပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီ ပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ ရှမ်းနီ(တိုင်းလျန်)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ နာဂအမျိုးသားပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကချင်အမျိုးသားပါတီတို့ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ “ဝ”အမျိုးသားပါတီတို့ ဖြစ်ကြသည်။

ဗီဒီယိုများ