AA ကို အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းရန်မှာ တပ်မတော်၏တင်ပြချက်အပေါ် မူတည်ကြောင်း NLD ရှုမြင်

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲအစည်းအဖြစ် သတ်မှတ်ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်း ပေးရန်မှာ တပ်မတော်၏တင်ပြချက်အပေါ်မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ရှုမြင်သည်။

By အောင်ထိန် 12 Jan 2021

အောင်ထိန် | DMG
ဇန်နဝါရီ ၁၂ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲအစည်းအဖြစ် သတ်မှတ်ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်း ပေးရန်မှာ တပ်မတော်၏တင်ပြချက်အပေါ်မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ရှုမြင်သည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှပယ်ဖျက်ရန်မှာ လုံခြုံရေးကိစ္စအဓိကဖြစ်ပြီး လုံခြုံရေးအတွက်တာဝန်ရှိသည့် တပ်မတော်၏တင်ပြချက်အပေါ်မူတည်ပြီး ပြည်ထောင်စုအစိုးရက စဉ်းစားမည်ဟုယုံကြည်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ပြည်ထောင်စုကတော့ ဒီဟာကိုလုပ်ပေး၊ ဖျက်ပယ်ဖို့ဆိုရင် အဓိကလုံခြုံရေးအကြောင်းကိုပဲ စဉ်းစားရမှာပါ။ လုံခြုံရေးအတွက်ဆိုရင်လည်း အဓိကတာဝန်ရှိတဲ့တပ်မတော်ရဲ့ ထောက်ခံတင်ပြချက်လိုပါတယ်။ အဲတော့ အခုလို အခြေအနေမှာတော့ တပ်မတော်ရဲ့ထောက်ခံတင်ပြတဲ့ အပေါ်မှာဘဲမူတည်ပြီး ပြည်ထောင်စုအစိုးရက စဉ်းစားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့သည်။

ယင်းအဆိုကို မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးကာ ကန့်ကွက်သူမရှိခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

“ဒါက သူတို့ပြည်နယ်အတွင်းမှာ လိုအပ်နေတဲ့အခြေအနေအတွက် ပြည်ထောင်စုအစိုးရဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ဟာပါ။ ဒါသင့်လျော်တဲ့လုပ်ရပ်ပါ။ တပ်မတော်ရဲ့တင်ပြချက်ကလည်းစဉ်းစားရမယ်။ ပြည်နယ် လွှတ်တော်ရဲ့တင်ပြအဆိုကိုလည်း စဉ်းစားရမှာပါ။ နှစ်ခုကိုချိန်ညှိပြီးတော့ ပြည်ထောင်စုအစိုးရက ဆောင်ရွက် သွားမယ်လို့ ကျွန်တော်တို့ကယုံကြည်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အုပ်စုနှင့် မတရား အသင်းအဖြစ် အစိုးရမှ ကြေငြာသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာခဲ့ကြသော်လည်း ၂၀၂၀ ရွေးကောက်ပွဲအလွန်မှစ၍ သေနတ်သံများတိတ်ဆိတ်နေခြင်းမှာ လက်ရှိတွင် နှစ်လကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပရန် AA ၏ တောင်းဆိုချက်အပေါ် တပ်မတော်မှကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ ပြီးနောက် နှစ်ဖက်ခေါင်းဆောင်များ သုံးကြိုမ်တိုင် ဆွေးနွေးမှုများရှိခဲ့သည်။

ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလဒုတိယအပတ်တွင်လည်း ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရေးထိုးနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့်ပမာဏအပစ်အခတ်ရပ်စဲရေးကို တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ပြီး တပ်နေရာချထားရေးကိစ္စရပ်များကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗီဒီယိုများ