ဖမ်းဆီးခံထားရသည့် NLD ကိုယ်စားလှယ်သုံးဦး လွတ်မြောက်ရေးအတွက် တပ်မတော်နှင့်အစိုးရ ပူးပေါင်းလုပ် ဆောင်နေ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး အမြန်ဆုံးလွတ်မြောက်ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့်အစိုးရ ပူးပေါင်းလုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြးရေးအဖွဲ့ မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

By အောင်ထိန် 24 Oct 2020

 

အောင်ထိန်၊ DMG
အောက်တိုဘာ ၂၄ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး အမြန်ဆုံးလွတ်မြောက်ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့်အစိုးရ ပူးပေါင်းလုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြးရေးအဖွဲ့ မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖမ်းဆီးခံထားရသော စစ်သည်များ၊ပြည်သူများ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ဖြစ်စေ တပ်မတော်အနေဖြင့် မည်သည့်အခါမှ လစ်လျူရှုထားခြင်းမရှိခဲ့ကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျနော်တို့က သတင်းစုံစမ်းထောက်လှမ်း တာတွေ ၊လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်တာတွေ၊ လိုအပ်တဲ့ စစ်ဆင်ရေးဆောင်ရွက်တာတွေကို ကျနော်တို့ ဆောင်ရွက်လျက် ရှိပါတယ်။ သတင်းရလာလို့ရှိရင် ကျနော်တို့အနေနဲ့ စစ်ဆင်ရေးအရ ဝင်ရောက် ဆောင်ရွက်တာတွေ၊ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်ပါတယ်”ဟု  ၎င်း က ဆိုသည်။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားခြင်းဖြစ်ပြီး အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံမှာ ကိုယ့်ရည်မှန်းချက်နှင့်ကိုယ် လျှောက်လှမ်းနေသည့် EAOs အဖွဲ့များရှိပြီး ယင်းအဖွဲ့များသည် AA လိုအစွန်း မရောက် ခြင်း ၊ပြည်သူလူထုအပေါ် နှိပ်စက်ခြင်း စသည်တို့ ပြုလုပ်ခြင်းမရှိကြောင်း ဗိုလ်ချုပ်က  ပြောသည်။

“ဘယ်သူပဲ အဖမ်းခံရသည်ဖြစ်စေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်တာပဲဖြစ်တယ်။ ပြည်သူ လူထုကို ခြိမ်းခြောက်ဖမ်းဆီးတာပဲဖြစ်တယ်။ဒါတွေဟာ လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူးဆိုတာတော့ ပြောလို တယ်”ဟု ၎င်းက ဆက်လက်၍ ဆိုသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်  အစိုးရနှင့် တပ်မတော်တို့၏ အမြစ်ပြတ်ချေမှုန်းရေးထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင် ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲ၍ ခုံခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း AA က ထုတ်ပြန်ထားသည်။

“ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်” ဟု  AA ၏ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားပြီး ယင်းလမ်းကြောင်းကိုဝင်ရောက်ရန် AA အနေဖြင့် ပြည်ထောင်စု ပြိုကွဲစေသည့်အရာ၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေသည့်အရာများကို ရှောင်ရှားဖို့လို အပ်ပြီး ၎င်းတို့၏မူဝါဒကိုပြန်လည် သုံးသပ်ဖို့လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ဗီဒီယိုများ