ကချင်နှင့် မွန်ပါတီများကို ဦးစားပေးတွေ့ဆုံရန် NLD ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် အစီအစဉ်တွင် ပထမဦးစားပေးအဖြစ် ကချင်နှင့် မွန်တိုင်းရင်းသားပါတီများထံ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

By မင်းထွန်း 29 Dec 2020

ဓာတ်ပုံ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

မင်းထွန်း | DMG
ဒီဇင်ဘာ ၂၉ ၊ စစ်တွေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် အစီအစဉ်တွင် ပထမဦးစားပေးအဖြစ် ကချင်နှင့် မွန်တိုင်းရင်းသားပါတီများထံ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

ယေန့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးတွင် ကချင်နှင့်မွန်ကိုသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်းရင်းသားပါတီများ၏ စကားများကို နားထောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လောလောဆယ်မှာတော့ တာဝန်ပေးထားတဲ့ ဒေါက်တာအောင်မိုးညိုပါသုံးဦးဟာ ကချင်ကိုသွားမယ်၊ နောက် မွန်ကိုသွားမယ်။ အဲဒီကနေပြီးတော့ သုံးဦးပါအဖွဲ့တွေ၊ အောင်နိုင်ရေးအဖွဲ့တွေဟာ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ပြီးတော့ သူတို့နဲ့အရင်ဆွေးနွေးမယ်။ ပြီးရင် အဲမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့တွေ့ဆုံမယ်။ သူတို့ရဲ့ စကားတွေကိုနားထောင်မယ်၊ နောက်ပြီးရင် အဲဒီသွားတာတွေရဲ့ အတွေ့ အကြုံတွေကို ဒီမှာပြန်ပြောပြမယ်။ နောက်ဘယ်သူတွေနဲ့ဆက်တွေ့မယ်ဆိုတာ ပြန်လည်ဆွေးနွေးမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီး ၄ ရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရွေးကာက်ပွဲအနိုင်ရ NLD ပါတီမှ တိုင်းရင်းသားပါတီ (၄၈)ခုကို “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး တိုင်းရင်းသားပါတီများကို ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် NLD ပါတီ အတွင်းရေးမှူး(၃) ဒေါက်တာအောင်မိုးညိုအပါအဝင် ထိပ်တန်းတာဝန်ရှိသူသုံးဦးကို တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ရွေးချယ်လိုက်ကြောင်း ကြေငြာခဲ့သည်။

လက်ရှိတွင် ရခိုင်အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် တရားဝင်အကြောင်းကြားလာခြင်း မရှိသေးဟု ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက DMG ကို ပြောသည်။

NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားလာခြင်းကို (ANP)အနေဖြင့် ကြိုဆို သော်လည်း ပါတီကိုတရားဝင်တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် သတင်း မီဒီယာမှတစ်ဆင့် NLD မှ ပြောဆိုခြင်းများအပေါ်တွင် လေ့လာသုံးသပ်နေကြောင်း ANP ပါတီက ပြောဆိုထားသည်။

ဗီဒီယိုများ