ရွာသားအချို့ကန့်ကွက်မှုကြောင့် မာန်အောင်မြို့နယ်တွင် NLD ပါတီမှ စိုက်ထူခဲ့သည့် အောင်နိုင်ရေးဆိုင်းဘုတ်ကို ပြန်ဖြုတ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် သစ်ပုံကျေးရွာရဲစခန်းအနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူသည့်အပေါ် ကျေးရွာသားအချို့က ကန့်ကွက်ခဲ့သဖြင့် ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ချခဲ့ရကြောင်း သိရသည်။

By အောင်ကောင်းဇော် 22 Sep 2020

ပုံစာ - စက်တင်ဘာလ ၈ ရက်နေ့က မာန်အောင်မြို့နယ် NLD ပါတီရုံးတွင် အောင်နိုင်ရေးအလံလွှင့်ထူစဉ်

အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၂၂ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် သစ်ပုံကျေးရွာရဲစခန်းအနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူသည့်အပေါ် ကျေးရွာသားအချို့က ကန့်ကွက်ခဲ့သဖြင့် ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ချခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီတွင် သစ်ပုံကျေးရွာတွင် အောင်နိုင်ရေးဆိုင်းပုတ်ပိုစတာ စိုက်ထူ ခြင်းကို ဒေသခံများကန့်ကွက်ခြင်းကြောင့် အငြင်းပွားမှုအနည်းငယ်ဖြစ်ကာ ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ချခဲ့ရ ခြင်းဖြစ်သည်ဟု NLD ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးသန်းဝေက ပြောသည်။

“သစ်ပုံမှာက ၂၀ ရက်နေ့မှာ ဆိုင်းဘုတ်တင်တော့ သစ်ပုံရပ်/ကျေး NLD အဖွဲ့ဝင်တွေလည်း ပါတယ်၊ အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းကြားထားတယ်။ ပြီးတော့ ကျနော်တို့ကပ်တဲ့နေရာက ပြည်သူပိုင်မြေနေရာ လမ်းဘေးနား မြေနေရာကွက်လပ်မှာ ထောင်တာ။ အဲဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူတစ်စုက ဒီနေရာမှာ ဆိုင်းဘုတ်ကို မစိုက်ထူရဘူးလို့ လာပြောတယ်။ အဲဒါနဲ့ စကားတွေတအားပြောလာတာနဲ့ လူတွေဆူဆူပူပူ ဖြစ်မှာစိုးလို့ ကျနော်တို့ဆိုင်းဘုတ်ကို ပြန်ဖြုတ်ချခဲ့တယ်”ဟု ဦးသန်းဝေက ဆိုသည်။

မာန်အောင်မြို့နယ် NLD ပါတီအနေဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကျေးရွာ ၂၀ ကျော်တွင် အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ COVID-19 ကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပါတီများအနေဖြင့် အခက်အခဲများရှိနေပြီး ယခုကဲ့သို့ ဟန့်တားခံရခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရသည်ဟု ဦးသန်းဝေက ဆိုသည်။

သို့သော် NLD ပါတီမှ အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်းကို ဟန့်တားခြင်းမဟုတ်ဘဲ ၎င်းဆိုင်းဘုတ် စိုက်ထူ သည့်နေရာမှာ ကားအလှည့်အပြုအတွက် ထားရှိသည့်နေရာဖြစ်သည့်အတွက် နေရာပြောင်းလဲ စိုက်ထူရန် ပြောဆိုခြင်းသာဖြစ်ကြောင်း သစ်ပုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်း(ခ)ဦးဝင်းမြင့်သိန်းက ပြောသည်။

“ဟန့်တားမှုတော့ မရှိဘူး။ ရွာသားတွေက ကားလှည့်ဖို့ထားတဲ့နေရာကို ဆိုင်းဘုတ်စိုက်ထူရင် ကားလှည့်ဖို့ အတွက် အဆင်မပြေဘူး။ ဒါကြောင့် တစ်ခြားအဆင်ပြေမယ့်နေရာမှာ ရွေးပြီးစိုက်ဖို့ ပြောပေးဆိုပြီးတော့ ဒေသခံတွေက ပြောတာကြောင့် NLD အဖွဲ့ကို တစ်ခြားလွတ်တဲ့တစ်နေရာမှာ ရွေးစိုက်ဆိုပြီးပဲ ပြောလိုက်တာ။ သစ်ပုံအုပ်စုအတွင်းမှာ သူတို့အဆင်ပြေမယ့်နေရာရှိခဲ့ရင် ကြိုက်တဲ့နေရာမှာ စိုက်လို့ရတယ်လို့ ပြောလိုက်တာ။ တစ်ခြားပါတီဆိုင်းဘုတ်တွေလည်း သူ့ဟာနဲ့သူ အဆင်ပြေအောင် ရွေးပြီးတော့ စိုက်နေကြတာ။ ပါတီတိုင်းက လာစိုက်ကြတာကို” ဟု ၎င်းကဆိုသည်။

မဲဆွယ်စည်းရုံးခွင့်စတင်ရရှိခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မာန်အောင်မြို့နယ် NLD ပါတီဝင်များမှ မြို့ပေါ်ရပ်ကွက်အတွင်း ပါတီအလံများလွှင့်ထူကာ ဆိုင်ကယ်များဖြင့်လှည့်လည်ခြင်းအား ဟန့်တားခံခဲ့ရသည်။

ဗီဒီယိုများ