စစ်တွေမြို့ပေါ်၌ NLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်တွင် စိုက်ထူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ၁ ခု ဖျက်ဆီးခံရလိုက်ရကြောင်း သိရသည်။

By မင်းထွန်း 28 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်တွင် စိုက်ထူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ၁ ခု ဖျက်ဆီးခံရလိုက်ရကြောင်း သိရသည်။

အဆိုပါ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းကို ပါတီအနေဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က သိရှိခဲ့ရပြီး ယခုကဲ့သို့ ဖျက်ဆီးခံရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း စစ်တွေမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစံရွှေကျော်က ပြောသည်။

“စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ဒီဟာက မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ ပါတီစုံဒီမိုကရေစီကာလမှာ ပါတီ ပေါင်းစုံက ရွေးကောက်ပွဲဝင်နိုင်ဖို့ ကြိုးစားနေတဲ့ကာလမှာ အဲဒီလို အဖျက်အဆီးတွေမဖြစ်တာက အကောင်းဆုံးလို့ ယူဆပါတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ရဲစခန်းများတွင် အမှုဖွင့်ထားခြင်းမရှိသော်လည်း NLD ပါတီမှ အဆင့်ဆင့်ကို တင်ပြသွားမည်ဟု ဦးစံရွှေကျော်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာရှိ NLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း ယင်းမြို့နယ် NLD ပါတီမှ သိရသည်။

မဲဆွယ်စည်းရုံးရေး သုံးပတ်တာကာလအတွင်း ရခိုင်တွင် NLD ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပေါ်လာသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ဗီဒီယိုများ