တပ်မတော်နှင့် AA တို့ တွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းမွန်သည့်အလားအလာဟု NLD မှတ်ချက်ပေး

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ လူချင်းတွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းမွန်သည့်အလားအလာဟု မှတ်ချက်ပေးရမည်ဖြစ်ကြောင်း လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 11 Dec 2020

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ တပ်မတော်နှင့် NRPC တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ်။

မင်းထွန်း | DMG
ဒီဇင်ဘာ ၁၁ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ နှစ်ဘက်ကိုယ်စားလှယ်များ လူချင်းတွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းမွန်သည့်အလားအလာဟု မှတ်ချက်ပေးရမည်ဖြစ်ကြောင်း လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“တိုက်ပွဲဖြစ်တာထက်စာရင် တွေ့ဆုံဆွေးနွေးတာက ဘယ်ဖက်ကပဲကြည့်ကြည့် ကောင်းမွန်ပါတယ်။ ကျနော်တို့ကတော့ ကောင်းမွန်တဲ့အလားအလာလို့မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က တပ်မတော်နှင့် AA တို့သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် နှစ်ဖက်လက်နက်ကိုင်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း (UWSA)ပြင်ပဆက်ဆံရေးရုံးမှ သိရသည်။

သို့သော် ယင်းတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို တာဝန်ယူထားသည့်သူများမပါဘဲ ဆွေးနွေးခြင်းဖြစ်သည့်အတွက် ကနဦးညှိနှိုင်းသည့်သဘောမျိုးသာဖြစ်မည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

“မြန်မာနိုင်ငံမှာဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စဟာ နိုင်ငံရေးကိစ္စပါ။ အဲဒီတော့ နိုင်ငံမှာအုပ်ချုပ်ရေး တာဝန်ယူထားတဲ့၊ နောက် နိုင်ငံရေးကိစ္စတွေကို တာဝန်ယူထားတဲ့ လွှတ်တော်တွေ၊ ဒါတွေကတော့ ရေရှည် တည်တံ့မယ့်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မဖြစ်မနေပါရမှာပေါ့။ ဒါတွေမပါဘဲ ဆွေးနွေးတယ်ဆိုတော့ ကနဦး ညှိနှိုင်းတဲ့သဘောပဲဖြစ်မှာပါ” ဟု သူကဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း တပ်မတော်နှင့် AA တို့အကြား နှစ်ဖက်ထိပ်ပိုင်း ခေါင်းဆောင်များပါဝင်သည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြောင်း AA မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ နှစ်ဖက်လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်များ အပြန်အလှန်ဆွေးနွေးခြင်းများ ရှိနေသော်လည်း မြေပြင်အနေအထားတွင် တပ်မတော်ဘက်မှ စစ်အင်အားတိုးချဲ့နေသည်ကို မြင်တွေ့နေရသောကြောင့် စိုးရိမ်မှု ရှိကြောင်း ရသေ့တောင်မြို့ပေါ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဦးရန်နိုင်စိုးက ပြောသည်။

“သူတို့ဆွေးနွေးရင်လည်း ယုံကြည်စိတ်ချလို့မရဘူး၊ အများကြီးမယုံကြည်ဘူး။ ဆွေးနွေးရင်တောင်မှ လက်ရှိမှာ တိုက်ပွဲတွေပြန်ဖြစ်လာမယ့် အခြေအနေကိုမြင်နေရတယ်။ ဟိုရက်ပိုင်းက စပါးရိတ်မယ်ဆိုပြီး သွားတဲ့သူတွေတောင် ပြန်လာနေကြတယ်။ မြန်မာစစ်တပ်က စစ်အင်အားတိုးချဲ့တာကို ထင်ထင်ရှားရှား မြင်နေရတယ်” ဟု သူက ဆိုသည်။

တပ်မတော်နှင့် AA တို့ ဆွေးနွေးခြင်းမှတဆင့် ရခိုင်ပြည်သူများလိုလားသည့် ရလဒ်ကောင်းများ ထွက်လာ မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

“မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်လုံးမှာ ငြိမ်းချမ်းရေးကိုပြောကြတယ်၊ ဆွေးနွေးညှိနှိုင်းအဖြေရှာကြတာလည်း ရှိခဲ့တယ်။ သို့သော်လည်း မည်သည့်အခါမှ အဖြေထွက်တာမရှိခဲ့ဘူး၊ အခု နှစ်ပေါင်း(၇၀)ရှိခဲ့ပြီ။ ဆိုတော့ ဒီနေ့ တပ်မတော်နဲ့ AA တို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုအဖြေဟာ တကယ့်ကို ရခိုင်ပြည်သူတွေလိုချင်တဲ့ ရလဒ်ကောင်း ထွက်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

အလားတူ တပ်မတော်နှင့် AA တို့ တွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းမွန်သည့်အလားအလာဖြစ်သော်လည်း AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားခြင်းကို ဖျက်သိမ်းပေးပြီးမှ ဆွေးနွေးခြင်းသည် ပိုမို ကောင်းမွန်ကြောင်း ဦးအောင်သောင်းရွှေက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ လက်ရှိမှာ အချိန် ၂ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ သို့သော် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ်အလိုမှစ၍ ရခိုင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျော့နည်းသွားခဲ့သည်။

ယင်းနောက်တွင် အဆိုပါလက်နက်ကိုင်နှစ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် တိုက်ပွဲကြောင့် အခြေခံစားသောက်ကုန်၊ ရိက္ခာနှင့် ဆေးဝါးပြတ်လပ်၍ သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသည့်ကျေးရွာများကို ဘေးကင်းစွာဖြင့် အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးအချက်များကို ဆွေးနွေးလာခြင်းဖြစ်သည်။

ဗီဒီယိုများ