ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး AA နှင့်ညှိနှိုင်းရန်ကိစ္စ ANP နှင့် NLD အမြင်ကွဲ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)နှင့် ညှိနှိုင်းသင့်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)ဘက်က ပြောဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဘက်ကမူ လက်ရှိနိုင်ငံရေးအခြေအနေအရ မသင့်လျော်ဟု ယူဆထားသည်။

18 Dec 2019

ဖဒူ ထွန်းအောင် ၊ ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၈၊ စစ်တွေ

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)နှင့် ညှိနှိုင်းသင့်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)ဘက်က ပြောဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဘက်ကမူ လက်ရှိနိုင်ငံရေးအခြေအနေအရ မသင့်လျော်ဟု ယူဆထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရက္ခိုင့်တပ်တော်(AA) နှင့်ညှိနှိုင်းလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။ ထိုသို့ညှိနှိုင်းရန် တောင်းဆိုခြင်းသည် နိုင်ငံရေးပြဿနာ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က DMG သို့ပြောသည်။

“ရခိုင်ပြဿနာက နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေး ပြဿနာဖြစ်တော့ နိုင်ငံရေးနည်းနဲ့ပဲ ကျနော်တို့ ဖြေရှင်းစေချင်ပါတယ်။ အခုလို အင်အားသုံးပြီးတော့ တောင်းဆိုလာတယ်ဆိုရင် နိုင်ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုဖြစ်လာမယ်။ ဒေသတွင်းမှာနေတဲ့ ရခိုင်ပြည်သူ၊ပြည်သားတွေလည်း ပိုပြီးတော့ ဆင်းရဲဒုက္ခရောက်ကြမှာပါ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဧရိယာကျယ်ပြန့်နေပြီး စစ်ဘေးရှောင်ဦးရေလည် များပြားလာသဖြင့် စစ်ဘေးရှောင်များမှာ မဲပေးရန်အတွက် အခက်အခဲရှိသည်။ ထို့ကြောင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန်အတွက် နှစ်ဖက်ညှိနှိုင်းရန် လိုအပ်သည်ဟု ANP အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

“အဲဒါကြောင့် အမှန်တကယ်နှစ်ဖက်စလုံးက အပစ်အစဲရပ်ထားဖို့လိုတယ်။ ကော်မရှင်က သော်လည်းကောင်း၊ အစိုးရက သော်လည်းကောင်း ဒီရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်ဖို့အတွက် နှစ်ဖက်စလုံး ညှိနှိုင်းဖို့လိုအပ်တယ်လို့ကျနော်မြင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမရှိလျှင် ပြည်နယ်လွှတ်တော်လည်း မှေးမှိန်သွားနိုင်ပြီး လွှတ်တော်အသံလည်း ပျောက်သွားနိုင်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြသည်။

“တကယ်လို့သာ ရွေးကောက်ပွဲ မရှိလို့ရှိရင် ရခိုင်ပြည်နယ်က လွှတ်တော်သည်လည်း မှေးမှိန်သွားနိုင်တယ်။ လွှတ်တော်အသံတွေ ပျောက်သွားနိုင်တယ်။ နောက်ပြီး ပြည်သူ့အသံတွေကို ကိုယ်စားပြုပြောဆိုတဲ့ နိုင်ငံရေးသမားတွေလည်း ပျောက်သွားနိုင်တယ်။ အဲဒါကြောင့် ဖြစ်လာမယ့် အပေါ်မှာ ကျွန်မတို့က ကြည့်ရမှာ ဖြစ်တယ်။ရခိုင်ပြည်မှာ ဘယ်လိုမျိုး အကောင်အထည် ပေါ်လာမလဲ”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲ မကျင်းပမည်ကို နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။

သို့သော် ရခိုင်ပြည်နယ်မြို့နယ်အားလုံးတွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် လက်ရှိအချိန်ထိ ဆုံးဖြတ်ချက်ချထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မီဒီယာတစ်ချို့ကို နိုဝင်ဘာလ ဒုတိယပတ်တွင် ပြောဆိုထားသည်။

ဗီဒီယိုများ