ကိုဗစ်ကာလအတွင်း ကျောင်းများဖွင့်လှစ်ရေးအပေါ် စိုးရိမ်ပူပန်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ထုတ်ပြန်

ယခုလ ၂၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)က ထုတ်ပြန်သည်။

08 Jul 2020

ခင်သရဖီဦး | DMG
ဇူလိုင် ၈ ၊ စစ်တွေ

ယခုလ ၂၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)က ထုတ်ပြန်သည်။

ကိုဗစ်ကာလအတွင်းတွင် ထိုသို့ ကျောင်းများဖွင့်လှစ်ရေးအပေါ် ဆရာမိဘ၊ ကျောင်းသား၊ ပြည်သူများအနေဖြင့် မတူကွဲပြားသည့် သဘောထားများ၊ စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများရှိနေကြောင်း NNER ၏ ဇူလိုင်လ ၇ ရက်နေ့ ထုတ်ပြန်ချက်ကဆိုသည်။

သို့ဖြစ်၍ ကျောင်းများဖွင့်လှစ်မည့်ကိစ္စအား သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၏ ပြင်ဆင်လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး  ဆရာမိဘ၊ ကျောင်းသား၊ ပြည်သူများမှသိလိုသည့် မေးခွန်းများကို ကောက်ယူခဲ့ကြောင်း NNER က ဆိုသည်။

ယင်းအထဲတွင် “ကျောင်းပြန်လည်ဖွင့်ချိန်တွင် အခြားနိုင်ငံများ၏ အခြေအနှေနှင့် နှိုင်းယှဉ်သုံးသပ်ချက်များ”၊ “ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ” ၊ “ရောဂါဖြစ်ပွားမှုကို တုန့်ပြန်လုပ်ဆောင်ရန် အစီအမံများ”၊ “အထူးခက်ခဲသော အခြေအနေအတွက် စဉ်းစားချက်များ”၊ “သင်ကြား၊ သင်ယူမှုနှင့် သင်ရိုး ဆိုင်ရာ စဉ်းစားဖွယ်များ”၊ “ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်” ၊

“အခြားဘေးအန္တရာယ်နှင့် ကိုဗစ် ၁၉ အလွန်” စသည့်အကြောင်းခြင်းရာများနှင့်ပတ်သက်ပြီး အများဆုံးမေးမြန်းထားကြကြောင်း NNER ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဇွန်လပထမပတ်၌ ကျောင်းများကိုဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုရိုနာ ကပ်ရောဂါကြောင့် ကျောင်းများကို တစ်လနောက်ဆုတ်ပြီးဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော်လည်း ဇူလိုင်လအတွင်း အတန်းအားလုံးကို တစ်ပြိုင်တည်း ဖွင့်လှစ်မည်မဟုတ်ဘဲ ရက်တစ်ပတ်ခြားပြီး အဆင့်ဆင့်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကျောင်းဖွင့်ကာလတွင် ကျောင်းသားနှင့်ဆရာများအတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများနှင့် စာသင်ချိန်ခွဲသင်မှုများကို ပြုလုပ်သွားမည်ဖြစ်ကာ Quarantine Center များအဖြစ် ဖွင့်လှစ်ထားခဲ့သည့် ကျောင်းများကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းများ လုပ်ဆောင်ထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃၁၆ ဦး၊ သေဆုံးသူ ၆ ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ ၂၄၅ ဦးနှင့် စောင့်ကြည့်လူနာ ၆၁၆၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ