စစ်တွေမြို့လည်၌ သတ်ဖြတ်ခံရသည့် အသက် ၁၂ နှစ်အရွယ်ကလေးအမှု ၁၀ လကြာသည့်တိုင် တရားခံမဖမ်းမိသေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး သတ်ဖြတ်ခံရသည့် အမှု (၁၀) လ ကြာသည့်တိုင် တရားခံအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

23 Apr 2021

DMG ၊ ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး သတ်ဖြတ်ခံရသည့် အမှု (၁၀) လ ကြာသည့်တိုင် တရားခံအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အသက် ၁၂ နှစ်အရွယ် မခင်စိုးနွယ်သည် စစ်တွေမြို့တွင် လှည့်လည်ကာ မုန့်လက်ကောက် ရောင်းချနေစဉ်ပျောက်ဆုံးသွားခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့၌ ကျောင်းတက်လမ်းရပ်ကွက်တွင်ရှိသည့် အဆောက်အအုံတစ်ခုတွင် ဦးခေါင်းဒဏ်ရာဖြင့် တွေ့ရှိခဲ့ပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

၎င်းအမှုအား စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မိသားစုဝင်များမှ အမှုဖွင့်ထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးက ပြောသည်။

“ရဲစခန်းကိုသွားရင်လည်း ရဲတွေက အမျိုးမျိုးလိမ်ပြောတယ်။ ကျနော်ကလည်း ဖြစ်တုန်းက ပူပူနွေးနွေး ဖမ်းလို့မရလိုက်လို့ရှိရင် အခုက ကြာနေပြီဖြစ်တဲ့အတွက် ရဲစခန်းကို သွားရင်လည်း ထူးမလာတဲ့အတွက် မသွားတော့ဘူး။ အမှုကတော့ အဲဒီအတိုင်း ဖွင့်ထားတယ်။ ရှေ့နေငှားဖို့အတွက်လည်း ကျနော်တို့မှာ ဆင်းရဲပင်ပန်းတဲ့အတွက် မတတ်နိုင်ဘူး။ အမှုဖြစ်ထားတဲ့အတွက် အမှုကို အမြန်ဆုံး အကောင်အထည် ပေါ်စေချင်ပါတယ်”ဟုဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးက ပြောသည်။

၎င်းအမှုအား ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့်  တရားခံပြေးအဖြစ် စစ်တွေမြို့အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထူးခြားလာခြင်းမရှိသေးကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

“တရားခံက ထွက်ပြေးနေတဲ့အတွက် တရားခံပြေးအမှုဖွင့်လို့ရှိတယ်။ ဖြစ်တဲ့အခါကတည်းက တရားခံက ထွက်ပြေးနေတယ်။ ကျမတို့ကလည်း တရားခံဖမ်းမိပြီလား ဆိုပြီးတော့ အမြဲတမ်း မေးထားတယ်။ သူတို့က လောလောဆယ် နိုင်ငံရေးအခြေအနေကြောင့် ရှာလို့မတွေ့သေးဘူးဆိုမြို့တော့ အကြောင်းပြတာတွေ ရှိတယ်”ဒေါ်မြသူဇာက ပြောသည်။

ယင်းအပြင် အမ်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က အသက် ၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓ္ဓမ ပြုကျင့်ခံရပြီး ကျူးလွန်သူ အမျိုးသားနှစ်ဦးအနက် တစ်ဦးကို ဖမ်းဆီးရမိသော်လည်း ကျန်သည့် တစ်ဦးမှာ ယနေ့အချိန် ၅ လကြာသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်က ပြောသည်။

 “တစ်ယောက်ကို ဖမ်းလို့မရသေးတဲ့အတွက် တရားခံပြေးမှုနဲ့ စစ်ဆေးပြီးပြီ မှင်နီသက်သေ၊ မှင်ပြသက်သေတွေကို စစ်ဆေးပြီးပြီ ဖမ်းဝရမ်း ပြန်သွင်းထားတယ်။ အခုအခြေအနေမှာတော့ မူရင်းအမှုဖြစ်တဲ့ ၂၀၂၁ မှာတင်တဲ့ အမှုနံပါတ် ၈ ကို စစ်ဆေးနေတယ်” ဟု ရှေ့နေ ဦးကျော်ဆန်းနိုင်က ပြောသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများအပေါ် အရေးယူဆောင်ရွက်မှု အားနည်းနေမှုမှာ နောက်ထပ်တစ်ခါ ပြစ်မှု ကျူးလွန်ရန်အတွက် အားပေးရာ ရောက်နေသည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

“လက်ရှိ ကျမတို့ရခိုင်ပြည်ဒေသအတွင်းမှာ ဆိုလို့ရှိရင် သက်ငယ်မုဒိန်းမှုတွေက ထပ်ခါထပ်ခါ ဖြစ်ပေါ်လာတာတွေ ရှိတယ်။ ဒီဟာတွေက ကျူးလွန်တဲ့သူကို အရေးယူဆောင်ရွက်နိုင်မှု အားနည်းတဲ့အတွက် ဒီလိုအခြေအနေတွေကို ထပ်ပြီး ဖြစ်ပေါ်စေဖို့အတွက် အားပေးရာ ရောက်နေတယ်။ အဲဒါကြောင့် မလို့ တရားဥပဒေစိုးမိုးရေး အခန်းဏ္ဍဟာ အရမ်းအရေးကြီးတယ်။ ပြည်သူလူထု ကြားထဲမှာလည်း ကျူးလွန်တဲ့သူကို မျက်မြင်ကိုယ်တွေ့ တွေ့ရင်တောင် မျက်ကွယ်ပြုနေတာတွေရှိပါတယ်။ ဒီအချက်တွေက ပြစ်မှုကျူးလွန်သူကို နောက်ထပ်တစ်ခါ ပြစ်မှုကျူးလွန်ဖို့အတွက် ခွင့်ပြုရာ ရောက်နေတယ်”ဟု ဒေါ်စောစံငြိမ်းသူက ပြောသည်။

ယခုကဲ့သို့ အဓ္ဓမ ပြုကျင့်ခံရခြင်းများ ရပ်တန့်နိုင်ရန်အတွက်တစ်ဖက်မှာ တရားရေးကဏ္ဍနှင့်ဥပဒေအကျိုးဆောင် အဖွဲ့များက ခွန်အားစိုက်ပြီးလုပ်ဆောင်ပေးရန် လိုအပ်သလို အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်သည်ဟု စောစံငြိမ်းသူက တိုက်တွန်းသည်။

ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့သို့ ရောက်ရှိလာသည့် အမှုအရ ၂၀၁၇-၂၀၁၈ ဝန်းကျင်တွင် ခန့်မှန်းခြေအားဖြင့် အမှုမှန် မပေါ်ပေါက်သည့် အမှု ၃၀ ကျော်ရှိကြောင်း လည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အကြမ်းဖက် ခံရသူများ တရားမျှတမှုရရှိရေးအတွက် အစိုးရမှ အလေးထားဖြေရှင်းရန်လိုအပ်နေကြောင်း အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူများက ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက တိုက်တွန်းထားကြသည်။

မခင်စိုးနွယ်သေဆုံးမှုနှင့်ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ထားမှုအခြေအနေများကို သိရှိနိုင်ရန်အတွက် အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ဗီဒီယိုများ