ဂွတွင် ဒေသန္တရအမိန့်ထုတ်ပြီး ကိုဗစ်ကိုထိန်းချုပ်ရန်ကြိုးပမ်းနေသော်လည်း တစ်ပတ်ခန့်ကြာသည့်တိုင် ပိုးတွေ့နှုန်းလျော့ကျမှုမရှိသေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့က ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ကာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေသော်လည်း တစ်ပတ်ခန့်ကြာသည့်တိုင် ပိုးတွေ့နှုန်းမှာ လျော့ကျမှုမရှိသေးကြောင်း သိရသည်။

01 Sep 2021

DMG ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့က ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ကာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေသော်လည်း တစ်ပတ်ခန့်ကြာသည့်တိုင် ပိုးတွေ့နှုန်းမှာ လျော့ကျမှုမရှိသေးကြောင်း သိရသည်။

ဂွမြို့နယ်တွင် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဈေးရောင်းဈေးဝယ်ခွင့်ပြုပြီး ကျန်အချိန်များတွင် တာဝန်၊ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်း လုံးဝ(လုံးဝ)မလုပ်ရကြောင်း ဒေသန္တရအမိန့်တစ်ရပ်ကို ထုတ်ပြန်ထားသည်။

ဈေးဆိုင်များအနေဖြင့်လည်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဈေးရောင်းချခွင့်ပြုသွားမည်ဟုလည်း အမိန့်ထုတ်ပြန်ထားသည်။

ယင်းသို့အမိန့်ထုတ်ပြန်ပြီး စည်းကမ်းလိုက်နာမှုရှိစေရန် လုံခြုံရေးတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်နေသော်လည်း ကိုဗစ်ကူးစက်မှုမှာ လျော့ကျခြင်းမရှိသေးကြောင်း ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၁ ရက်နေ့က ရေးသားထားသည်။

ပြည်နယ်ကျန်းမာရေးဌာန၏ သြဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ ဂွမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၇၉၇ ဦးနှင့် သေဆုံးသူ သေဆုံးသူ ၁၉ ဦးအထိရှိကာ ရခိုင်ပြည်နယ်အတွင်းပိုးတွေ့လူနာ အများဆုံးမြို့နယ်ဖြစ်လာသည်။

ဆက်လက်၍ ကိုဗစ်ကူးစက်မှုလျော့ကျဆင်းမရှိပါက ဂွမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ရေးတွင် အားနည်းချက်များကိုဖေါ်ထုတ်ခြင်း၊ ပြုပြင်ခြင်းများလုပ်ဆောင်ရန် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ပြီး လိုအပ်သည့်ခရိုင်အဆင့်ဌာနများပါဝင်ကာ အဖွဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးဝင်းပိုင်က “ဂွမြို့နယ်မှာ ပိုးတွေ့ရှိသူတွေက များနေသေးတယ်။ ရောဂါပိုးတွေ့ရှိသူတွေ့ရဲ့ contact တွေ စစ်ဆေးနေတယ်။ ပိုးတွေ့ရှိတဲ့သူတွေကို Home Quaratine သတ်မှတ်ထားတယ်။ အဲဒီလိုမျိုးပဲ ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး မလိုက်နာတဲ့သူတွေကို အရေးယူမှုအပိုင်းတွေကိုလည်း ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

လက်ရှိထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်မှာ ရှည်ကြာလာပါက ဒေသခံများမှာအခက်ခဲရှိမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။

ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်မြင့်မောင်က “အခုက ကျနော်တို့မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူတွေက ပုံမှန်အတိုင်းပါပဲ။ အခုက နေ့လည် ၁၂ နာရီအထိပဲ ထွက်ရမယ်လို့သတ်မှတ်ထားတော့ လက်လုပ်လက်စားသူတွေအတွက် စားဝတ်နေရေးတွေ အများကြီးအခက်ခဲရှိနေတယ်။ အခုချိန်မှာတောင် လက်လုပ်လက်စားတွေ အခက်ခဲတွေဖြစ်နေတာ၊ တာရှည်မယ်ဆိုရင် သူတို့အတွက် ပိုပြီးတော့အခက်ခဲရှိလာနိုင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုဖြင့် သြဂုတ်လ ၂၆ ရက်နေ့က ဖမ်းဆီးထားသူ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ထောင်ဒဏ် (၁)လစီချမှတ်လိုက်ကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးအရေးယူခံရသူ ၃ ဦးမှာ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ကျေးရွာမှ ဒေသခံတစ်ဦးနှင့် ဧရာဝတီတိုင်းမှ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာသို့ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ