ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ရိုးသားမှုမရှိဟု တိုင်းရင်းသားပါတီအချို့ဝေဖန်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ ထုတ်ပြန်ကြေငြာချက်သည် မရိုးသားဟု မဟာမိတ်တိုင်းရင်းသားပါတီ ၅ ခုက ဝေဖန် လိုက်သည်။

By မင်းထွန်း 19 Oct 2020

photo - UEC

မင်းထွန်း | DMG
အောက်တိုဘာ ၁၉ ၊ စစ်တွေ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ ထုတ်ပြန်ကြေငြာချက်သည် မရိုးသားဟု မဟာမိတ်တိုင်းရင်းသားပါတီ ၅ ခုက ဝေဖန် လိုက်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားပါတီ (၅)ခုဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီ၊ မွန်ညီညွတ်ရေးပါတီတို့က အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပူးတွဲသဘော ထုတ်ပြန်လိုက်သည်။

“တကယ့်အန္တရာယ်ရှိတဲ့၊ တကယ့်ကိုစစ်ဖြစ်လို့ လုံးဝမဖြစ်သင့်တဲ့နေရာဖြစ်လို့ ရွေးကောက်ပွဲမကျင်းပဘူးဆိုတာ မျိုးထက် တချို့နေရာမှာဆိုလို့ရှိရင် ဘာမှမဖြစ်ဘဲနဲ့ကို ရွေးကောက်ပွဲမလုပ်တာတွေရှိတယ်။ နောက်တစ်ခုက စစ်ဖြစ်တဲ့နေရာတချို့တောင်မှ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေ ပါလာတယ်ဆိုတော့ ဒါကတိုင်းရင်းသားတွေ အနိုင်ရရှိဖို့ ရာခိုင်နှုန်းပိုများတဲ့နေရာဒေသကို ရွေးကောက်ပွဲမကျင်းပဖို့လုပ်နေသလားပေါ့၊ တစ်ဖက်က တိုင်းရင်းသား ပါတီတွေရဲ့အင်အားကို လျော့ချသလားပေါ့ သံသယဖြစ်တာပေါ့လေ။ အဲတာနဲ့ပတ်သတ်ပြီး ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု ပူးတွဲထုတ်ပြန်ရာတွင်ပါဝင်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ်ကဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို UEC မှ ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှု မရှိသည့် မြို့နယ်တချို့လည်းပါဝင်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲမကျင်းနိုင်သည့်မြို့နယ်များကို မဲဆွယ်စည်းရုံးရေးကာလ ထက်ဝက်ကျော်လွန်လာပြီး ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ ခန့်လိုတော့သည့်အချိန်တွင် မကျင်းပနိုင်သည့်မြို့နယ် များကိုကြေငြာခြင်းသည် သက်ဆိုင်ရာဒေသများမှ တိုင်းရင်းသားမဲဆန္ဒရှင်များအတွက် တရားမျှတမှုမရှိဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်များကို ထုတ်ပြန်ချက်ကြောင့် UEC ၏ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပြင် ရွေးကောက်ပွဲ၏လွတ်လပ်မှုနှင့် တရားမျှတမှု များကို မေးခွန်းထုတ်စရာဖြစ်စေကြောင်း ထုတ်ပြန်ထားသည်။

“အခု UEC ကနေကြေငြာထားတဲ့ မဲဆန္ဒနယ်တွေက မဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် တကယ့် စစ်ပွဲတွေဖြစ်နေတဲ့နေရာတောင်မှ ကျင်းပလို့ရပြီး ဒီလိုမျိုးနေရာတွေကို ကျင်းပခွင့်မပေးတာက မရိုးသား ဘူးလို့မြင်တယ်။ နောက်တစ်ခုက ရန်ကုန်လိုနေရာမျိုးဆိုရင်လည်း ကိုဗစ်ရောဂါကြီးထွားလာတဲ့ အချိန်မှာ Lock down ချထားတဲ့ မြို့နယ်အများအပြားရှိတာပေါ့။ အဲဒီနေရာတွေမှာ ဘာမှမလုပ်ပေးနဲ့ ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတဲ့အခါကျတော့ မေးခွန်းထုတ်စရာဖြစ်တယ်” ဟု ဦးသဲရယ်က ပြောသည်။

ယင်းအပြင် UEC ၏ ထုတ်ပြန်ကြေငြာချက်သည် ရွေးကောက်ပွဲကျင်းပခြင်းမပြုသည့်နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပနိုင်ငံရေးနည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာ ရောက်ကြောင်းနှင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ရွေးကောက်ခံခွင့်၊ မဲပေးခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးတို့အတွက် ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ပြောဆိုမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှထုတ်ပြန်ထားသည့် နေရာများမှာ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ် မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့ဖြစ်သည်။

ယင်းအပြင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ပဲခူးတိုင်းမှ မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ဖြစ်ပြီး အဆိုပါဒေသများမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် ဆုံးရှုံး ရတော့မည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီ ၅ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ