နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသွားသူဦးရေ သုံးထောင်ကျော်အား ပြန်လည် လက်ခံရန်စီစဉ်ထားပြီး မြန်မာအစိုးရဘက်မှ ပြန်လည်လက်ခံရန်အတွက် အဆင့်သင့်စောင့်ဆိုင်းလျက် ရှိသော်လည်း နေရပ်စွန့်ခွာသွားသူများမှာ မည်သည့်အတွက်ကြောင့် ပြန်မလာကြသည်ကို မသိရသေးပေ။

22 Aug 2019

ချလူးအောင် | DMG

သြဂုတ် ၂၂ ၊ မောင်တော

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား သြဂုတ်လ ၂၂ ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းမှ လက်ခံရန်အဆင်သင့်လုပ်ထားသော်လည်း တစ်ဦးမျှပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း သိရသည်။

“အခုအချိန်ထိ ထူးခြားမူမရှိသေးပါဘူး၊ ပြန်လည်ဝင်ရောက်လာတာလည်း မရှိသေးပါ” ဟု မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသွားသူဦးရေ သုံးထောင်ကျော်အား ပြန်လည် လက်ခံရန်စီစဉ်ထားပြီး မြန်မာအစိုးရဘက်မှ ပြန်လည်လက်ခံရန်အတွက် အဆင့်သင့်စောင့်ဆိုင်းလျက် ရှိသော်လည်း နေရပ်စွန့်ခွာသွားသူများမှာ မည်သည့်အတွက်ကြောင့် ပြန်မလာကြသည်ကို မသိရသေးပေ။

ယခုလက်ခံရေးအစီအစဉ်မှာ ကုန်းလမ်းမှဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းအမှတ်(၁)နှင့် ရေကြောင်းမှ ဝင်ရောက်လာသူများကို ငါးခူရပြန်လည်လက်ခံရေးစခန်းအမှတ်(၂) တို့ဖြင့် စခန်း ၂ ခုဖွင့်လှစ်ပြီး ပြန်လည်လက်ခံရန်ဆောင်ရွက်ထားကြောင်း သိရသည်။

ယခု ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်စီစဉ်ထားမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တစ်ကြိမ်စီစဉ်ခဲ့သော်လည်း နေရပ်စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ တရားဝင်ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။

မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူဦးရေ ၇ သိန်းခန့်ထွက်ပြေးသွားကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

 

ဗီဒီယိုများ