ရခိုင်ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်က လုံခြုံရေးအာမခံချက် မပေးထားဟု သမ္မတရုံးပြော

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တပ်မတော်ဘက်မှ လုံခြုံရေးအာမခံချက် မပေးထားကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

By မင်းထွန်း 09 Jan 2021

ဓာတ်ပုံ - မြန်မာ့အလင်း

မင်းထွန်း | DMG
ဇန်နဝါရီ ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တပ်မတော်ဘက်မှ လုံခြုံရေးအာမခံချက် မပေးထားကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

“ဒီလိုမျိုး ကြေငြာချက်ထုတ်တာလည်း တွေ့တယ်။ ဒီအပိုင်းမှာလည်း ကျနော်တို့ မေးပါတယ်။ သမ္မတရုံးရော၊ UEC ရော လုံခြုံရေးနဲ့ပတ်သက်တဲ့ အာမခံချက် သဘောထားတွေ ပေးသလား ဒီနေ့ထိ၊ အခုကျနော်လာတဲ့ အချိန်ထိ ဘယ်ဌာနမှ ပေးထားတာမရှိဘူးလို့ သိရတယ်။ သက်ဆိုင်တဲ့ UEC ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေးအာမခံတယ်ဆိုတာမျိုး ပေးထားတာမရှိဘူးပေါ့နော်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် ရွေးကောက်ပွဲကျင်းပရေးကိစ္စတွင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်များ မဲပေးနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းနှင့် ပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မျှတမှုရှိရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်မိုင်းကိုင်မြို့နယ်တို့ တွင် ရွေးကောက်ပွဲများစောလျင်စွာ အမြန်ဆုံးကျင်းပပေးရေး သက်ဆိုင်ရာအဖွဲ့အစည်းများကို အလေးထား တိုက်တွန်းအပ်ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထပ်မံ တိုက်တွန်းထားသည်။

အလားတူ ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း ရခိုင်မှ ရွေးကောက်ပွဲမကျင်းပခဲ့ရသည့်မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းထားသည်။

လက်ရှိအချိန်တွင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို မမျှော်လင့်တော့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်နဲ့ AA က ဘယ်လောက်ထိကြေငြာချက်ထုတ်ပြန်ထုတ်ပြန် အဓိကတာဝန် ရှိသူတဲ့သူတွေဟာ အစိုးရနဲ့ UEC ပဲဖြစ်တယ်။ ဒါကြောင့် သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုပ်လို့ရသလို မလုပ်ဘူးဆိုရင်လည်း မလုပ်လို့ရတယ်။ အခုအချိန်ဟာ တော်တော်လေးကို နီးကပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်ဖို့ မမျှော်လင့်တော့ဘူး” ဟု သူကဆိုသည်။

ဆက်စပ်ရွေးကောက်ပွဲကို တတိယအကြိမ်လွှတ်တော် သက်တမ်းမစခင်အချိန်ထိ ပြန်လည်ကျင်းပနိုင်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပမည့် အခြေအနေနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရခိုင်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် (၉) ခုတွင် မြို့လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄) ခုတွင် တချို့တပိုင်းသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ