ရခိုင်မြို့နယ်အချို့မှာ စစ်ဘေးရှောင်စခန်း တိုးချဲ့မဆောက်လုပ်ရန် အစိုးရညွှန်ကြားထားဟုဆို

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်(၅) မြို့နယ်ခန့်တွင် စစ်ဘေးရှောင်စခန်းအသစ်များ တိုးချဲ့မဆောက်လုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

By ခင်သရဖီဦး 10 Feb 2020

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၁၀၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်(၅) မြို့နယ်ခန့်တွင် စစ်ဘေးရှောင်စခန်းအသစ်များ တိုးချဲ့မဆောက်လုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံစသည့် မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းတိုးချဲ့မဆောက်လုပ်ရန် ဖေဖော်ဝါရီလ ၅ ရက်နေ့ကပင် ထုတ်ပြန်ထားသည်ဟု သိရကြောင်း မြောက်ဦး မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။

“အသစ်မဆောက်လုပ်ရတော့ဘူးလို့ သိရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောခဲ့တာ၊ ကျနော်ကတော့ တိုက်ရိုက်ကြားတာမဟုတ်ဘူး။ ရှိနေတဲ့ စခန်းတွေမှာနေလို့ရတယ်။ နောက်ထပ် အသစ်ဆောက်လို့မရဘူးလို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ညွှန်ကြားလိုက်ခြင်းမှာ အစိုးရ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော စစ်ဘေးရှောင်စခန်း၌ နေထိုင်သူများကို အသိအမှတ်မပြုဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခြင်းဖြစ်သည်ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“သူ့တို့ပြောကြားချက်အရဆိုရင်တော့ သူတို့ကို မတိုင်ကြားဘဲ ကျေးလက်ကျေးရွာတွေမှာ စခန်းချပြီး နေထိုင်တဲ့ စခန်းတွေကို အသိအမှတ်မပြုဘူး ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်လို့ ထင်မိတယ်။ အစိုးရအနေနဲ့က တစ်စုံတစ်ရာ မထောက်ပံ့ဘူးဆိုတဲ့ သဘောဖြစ်တယ်” ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို ဖူလုံအောင် ထားနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းမှာ လူထုအတွက် ဒုက္ခဖြစ်စေကြောင်း ဘူးသီးတောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

“စစ်ဘေးရှောင်တွေအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ သူတို့က ထောက်ပံ့ကြေးမပေးရင်လည်း နေရမှာပဲ။ အစိုးရအနေနဲ့ု့က အပြည့်အ၀ ထောက်ပံ့ပေးနိုင်တာမရှိဘူး။ စစ်ဘေးရှောင်ကလူဦးရေက ထောင်ပေါင်းများစွာရှိတယ်။ သူတို့ဆောက်ပေးတာက အခန်းက ရာဂဏန်းလောက်ပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်ကို DMG ကဆက်သွယ်ရာတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဆက်သွယ်ရန်ပြောထားသည်။ ထို့ကြောင့် နယ်/လုံဝန်ကြီးကို ဆက်လက်ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပြည်နယ်အစိုးရသည် စစ်ဘေးရှောင်များနေထိုင်ရန်အတွက် ယာယီစစ်ဘေးရှောင်စခန်းအချို့ ဆောက်လုပ်ပေးထားသည်။ သို့သော် စစ်ဘေးရှောင်များအနေဖြင့် ယင်းစစ်ဘေးရှောင်စခန်းများမှာ မိမိနေရပ်နှင့်ဝေးကွာသည်ဟုဆိုကာ နေထိုင်ရန် ငြင်းဆန်ထားသည်။

စစ်ဘေးရှောင်(၃၀၀)နှင့်အထက်ရှိသော မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းကိုလည်း တိုက်ပွဲဖြစ်ပွားရာ နေရာနှင့်နီးစပ်ခြင်း၊ AA တပ်သားများ ရွာသားအသွင်ဖြင့် ဝင်၊ထွက်မှုများရှိသည်ဟုဆိုကာ စခန်းပြောင်းရွှေ့ရန် တပ်မတော်က ညွှန်ကြားထားသည်။

ဗီဒီယိုများ