ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ပြန်ဖွင့်ပေးနိုင်ခြေရှိဟု NLD ပြောခွင့်ရသူဆို

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိထားသည့် လက်ရှိအာဏာရပါတီအနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ယခုထက်ပိုမိုပြီး လုံခြုံရေးအခြေအနေကောင်းလာပါက အင်တာနက်ကိုပြန်ဖွင့်ပေးရန် ဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DMG သို့ ပြောသည်။

24 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိထားသည့် လက်ရှိအာဏာရပါတီအနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ယခုထက်ပိုမိုပြီး လုံခြုံရေးအခြေအနေကောင်းလာပါက အင်တာနက်ကိုပြန်ဖွင့်ပေးရန် ဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DMG သို့ ပြောသည်။

“လုံခြုံရေးအခြေအနေအရ အခြေခံလူ့အခွင့်အရေးတချို့ ပိတ်ပင်ခံထားရတာကို ကျနော်တို့ အထူးပဲဝမ်းနည်း ပါတယ်။ ဒါတွေကို အမြန်ဆုံးပြန်ဖွင့်ပေးနိုင်ဖို့အတွက် လုံခြုံရေးအခြေအနေ ဒီထက်ကောင်းလာတာနဲ့အမျှ ပြန်ဖွင့်ပေးဖို့လည်းဖြစ်လာနိုင်ပါလိမ့်မယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် ကြိုတင်အသိမပေးပဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် မြို့နယ်အချို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့ သော်လည်း ၂၀၂၀ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထပ်မံဖြတ်တောက်လိုက်သည်။ မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သည်။

ထိုနောက် ၂၀၂၀ သြဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့် ပေးခဲ့သော်လည်း မြန်နှုန်းမြင့် 4G မဟုတ်ဘဲ 2G သာ ဖွင့်ပေးထားခြင်းဖြစ်သည်။

လက်ရှိမြေပြင်အခြေအနေမှာလည်း တည်ငြိမ်လာသည့် အနေအထားဖြစ်သည့်အပြင် နောက်တက်လာမည့် အစိုးရအနေဖြင့်လည်း အမျှော်အမြင့်ရှိရှိ ဆောင်ရွက်ပေးသင့်သည့်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ထောက်ပြသည်။

“အင်တာနက်ပိတ်ထားတာနဲ့ 2G ရတာနဲ့ မကွာဘူးပေါ့။ ဆိုတော့ ပြည်သူကိုကိုယ်စားပြုတဲ့ အမှန်တကယ် စစ်မှန်တဲ့ ပြည်သူရဲ့နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို မြှင့်တင်ပေးချင်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ကတော့ သတင်းလွတ်လပ်မှုတွေကို အများကြီးအထောက်အကူပြုတဲ့ သတင်းဖြည့်စွက်ကို သွက်လက်အောင် 4G ကတော့ အပြည့်အဝပေးသင့်တယ်။ 

အရင်ကတည်းကပိတ်ထားတာက မဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ နောက်တက်လာမယ့်အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကိုအမျှော်အမြင်ရှိရှိ ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းက ထောက်ပြသည်။

ယခင်အစိုးရလက်ထက်တွင်လည်း အင်တာနက်ရရှိရေးအတွက် တောင်းဆိုမှုများပြုလုပ်ခဲ့ကာ ယခုအစိုးရ မှာလည်း လက်ရှိအစိုးရပြန်ဖြစ်လာသည့်အတွက် အင်တာနက်ပြန်လည်ရရှိရေး ဆက်လက်တောင်းဆိုသည့်ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုဘက္ကာကဆိုသည်။

“ကျနော်တို့ကတော့ အခုဖြတ်သန်းလာတဲ့ငါးနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို အင်တာနက်ရရှိရေးနဲ့ပတ်သက်လို့ အမြဲတမ်းတောင်းဆိုခဲ့ပြီးလည်းဖြစ်တယ်။ အခုတက်လာမယ့် အစိုးရကလည်း အရင်အစိုးရဆိုတော့ ကျနော်တို့ကအခုလည်းတောင်းဆိုပါတယ်” ဟု ကိုဘက္ကာက ပြောသည်။

အင်တာနက် 2G ရသည့်မြို့နယ်များတွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်း၊ စစ်ဘေးရှောင်များကို ကူညီပေး နေသည့်လူများအနေဖြင့် သတင်းအချက်အလက်အပါအဝင် အကူအညီပေးရာတွင် နှောင့်နှေးလာသည့်တွက် ယခုတက်လာမည့်အစိုးရအနေဖြင့် ဖြေရှင်းပေးစေချင်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အရှင်ဆေကိန္ဒက၊ ကမိန့်သည်။

“အခုတက်လာမယ့်အစိုးရအနေနဲ့ ဒါတွေကိုပြေလည်အောင် ဖြေရှင်းပေးစေချင်တယ်၊ အစိုးရအနေနဲ့လည်း လုပ်ပေးရမယ့်တာဝန်ရှိတယ်လို့လည်းမြင်တယ်။ ကိုဗစ်နဲ့ပတ်သက်ပြီလည်း သတင်းအချက်တွေ ရရှိမှုမရှိတဲ့ အခါမှာ အခက်အခဲတွေအများကြီးကြုံရတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတချို့က Online က တစ်ဆင့်လုပ်နေတာတွေရှိတော့ တချို့ဆိုရင် ကိုဗစ်ဖြစ်နေလား၊ မဖြစ်ဘူးလားဆိုတာကိုတောင် မသိနိုင်တဲ့ အခြေအနေတွေရှိတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အင်တာနက် 2G ရရှိသည့်မြို့နယ်များတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ၊ သတင်းအချက် အလက်ရရှိရေး စသည့်အဖက်ဖက်တွင် ယိုးယွင်မှုဖြစ်ပေါ်လာပြီး ပြည်သူလူထုအပြင် ဌာနဆိုင်ရာများ အနေဖြင့်လည်း အခက်အခဲများရှိနေကြသည်။

ဗီဒီယိုများ