အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ကျိုင်းတုံတွင် ထပ်မံတွေ့ဆုံမည်

“အရင်အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းဆိုရင် ဒီတစ်ခေါက်မှာ တပ်ဘက်ကကိုယ်စားလှယ်တွေ ပါမယ်လို့တော့ ပြောလို့ရှိတာပေါ့။ ဒါကြောင့် ပါလာနိုင်တယ်။ သူတို့ဘက်က ဘယ်လိုလူတွေ ပါလာမလဲ။ တကယ့်ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းကပုဂ္ဂိုလ်တွေ ပါလာရင်တော့ ဆွေးနွေးပွဲက အရင်ထက် တိုးတက်မှုရှိလာမှာပေါ့။ တပ်နေရာချထားရေး ကိစ္စကိုလည်း ဆွေးနွေးဖြစ်မယ့် အခြေအနေရှိတယ်” 

12 Sep 2019

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က NRPC နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ်များ

နေဝင်းစံ | DMG

စက်တင်ဘာ ၁၂ ၊ စစ်တွေ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် လာမည့်စက်တင်ဘာလ ၁၇ ရက်နေ့၌ ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက်ပြောဆိုချက်များအရ သိရသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ KIO၊ AA တို့ကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆုံရန် အဆိုပြုထားပြီး မဟာမိတ် ၄ ဖွဲ့မှလည်း ကျိုင်းတုံတွင် ဆွေးနွေးရန်သဘောတူညီလိုက်သည်။

“မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ လက်ခံသဘောတူညီခဲ့တဲ့အတွက် အဲဒီ ကျိုင်းတုံမှာပဲ ဖြစ်မယ်။ ကျနော့်တို့ဘက်ကတော့ ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်ဦးဆောင် တက်ရောက်မယ်” ဟု AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က NRPC ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ကျိုင်းတုံ ဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေးကိစ္စကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုလာမည့်ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ်များပါဝင်လာနိုင်ပြီး တပ်မတော်မှ ဆုံးဖြတ် နိုင်သည့်ပုဂ္ဂိုလ်များပါဝင်လာပါက တပ်နေရာချထားရေးကိစ္စကိုလည်း ဆွေးနွေးဖြစ်မည်ဟု ခိုင်သုခက ဆိုသည်။

“အရင်အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းဆိုရင် ဒီတစ်ခေါက်မှာ တပ်ဘက်ကကိုယ်စားလှယ်တွေ ပါမယ်လို့တော့ ပြောလို့ရှိတာပေါ့။ ဒါကြောင့် ပါလာနိုင်တယ်။ သူတို့ဘက်က ဘယ်လိုလူတွေ ပါလာမလဲ။ တကယ့်ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းကပုဂ္ဂိုလ်တွေ ပါလာရင်တော့ ဆွေးနွေးပွဲက အရင်ထက် တိုးတက်မှုရှိလာမှာပေါ့။ တပ်နေရာချထားရေး ကိစ္စကိုလည်း ဆွေးနွေးဖြစ်မယ့် အခြေအနေရှိတယ်” ဟု ၎င်းကပြောသည်။

ကျိုင်းတုံမြို့၌ ယခင်ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး ပဏာမအပစ်ခတ်ရပ်စဲရေး စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရေးကိုဦးတည်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ဗီဒီယိုများ