ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုကို အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရန် လိုလား

“ဟိုလူရ ၊ ဒီလူကမရ အဲ့လိုမဟုတ်ဘဲနဲ့ မြို့နယ်(၈) မြို့နယ် စလုံးကို တပြိုင်နက်ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ မဖြစ်သင့်တာ ဘူးဆိုလို့ရှိရင်လည်း မကြာခင်လည်းမှာ ကျန်တဲ့မြို့နယ်တွေကိုလည်းဘဲ ကျွန်တော်တို့ အင်တာနက်ရအောင် လုပ်ပေးစေချင်တယ်။ ဒါတွေလည်း ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

By နေရောင်မင်း 05 Sep 2019

နေရောင်မင်း | DMG

စက်တင်ဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိမြို့နယ် ၅ ခုကို ပြီးခဲ့သည့်ရက်ပိုင်းက အင်တာနက်လိုင်းများပြန်ဖွင့်ပေးခဲ့သော်လည်း မြို့နယ် ၄ ခုမှာ ကျန်ရှိနေသေးသဖြင့် ၎င်းမြို့နယ်များကို အင်တာနက်လိုင်းများ အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ရခိုင်ပြည်သူ များကလိုလားနေကြသည်။

အင်တာနက်ပိတ်ထားသဖြင့် သတင်းအချက်အလက်သိရှိပိုင်ခွင့်ဆုံးရှုံးနေရသလို စစ်ဘေးရှောင်များကို ငွေကြေးထောက်ပံ့ရန်အတွက်လည်း အလှူငွေများ ကောက်ခံရာတွင် အခက်အခဲများရှိနေသည်။ ယင်းအပြင် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း အခက်အခဲများဖြစ်နေသဖြင့် ကျန်ရှိနေသော မြို့နယ်များကိ အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် လိုလားနေကြခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“ဟိုလူရ ၊ ဒီလူကမရ အဲ့လိုမဟုတ်ဘဲနဲ့ မြို့နယ်(၈) မြို့နယ် စလုံးကို တပြိုင်နက်ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ မဖြစ်သင့်တာ ဘူးဆိုလို့ရှိရင်လည်း မကြာခင်လည်းမှာ ကျန်တဲ့မြို့နယ်တွေကိုလည်းဘဲ ကျွန်တော်တို့ အင်တာနက်ရအောင် လုပ်ပေးစေချင်တယ်။ ဒါတွေလည်း ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဇွန်လ ၂၁ ရက်နေ့ကစတင်ပြီး အင်တာနက်ပိတ်ထားခဲ့ကာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီါ် ဘူးသီးတောင်၊မောင်တော၊ရသေ့တောင် ၊မြေပုံနှင့် ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း၊မြောက်ဦး၊ကျောက်တော်နဲ့ မင်းပြားမြို့နယ်တို့ကို အင်တာနက်ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

“ကျွန်မတို့ကော်မတီ်ကတော့ ဒီအင်တာနက်တွေ ပိတ်လိုက်ကတည်းက ရခိုင်ပြည်နယ် လွှတ်တော်မှာ ကျွန်မတို့က တင်သွင်းပြီးတော့အတည်ပြုထား တာတွေရှိတယ်။ နောက်ပြည်ထောင်စုလွှတ်တော်မှာလည်း ဒီလိုပဲ တင်ပြထားခြင်းတွေရှိတယ်။ မှတ်တမ်းအဖြစ် တင်ပြထားတာတွေရှိတယ်။ အခုတော့ဘာဘဲဖြစ်ဖြစ် (၄) မြို့နယ်ကို ခွင့်ပြုလိုက်ပြီဆိုတော့ နောက်မြို့နယ်ကိုလည်း အတိုင်းအတာတစ်မှာ ပြန်ဖွင့်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ရှိတယ်။”ဟုပြောသည်။

အင်တာနက်ပြန်ဖွင့်ပေးရန် အတွက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ရခိုင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများမှ ဆက်တိုက်တောင်းဆိုနေကြသည်။

 

ဗီဒီယိုများ