အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းကို ရုပ်သိမ်းပေးရန် AA အပါအဝင် မဟာမိတ်သုံးဖွဲ့ တောင်းဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ရက္ခိုင့်တပ်တော် အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆို..

By အောင်ထိန် 12 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ရက္ခိုင့်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုလိုက်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့က နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ထပ်မံတိုးမြှင့်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားသည်ကို ရုပ်သိမ်းပေးရေးအတွက် ထည့်သွင်းတောင်းဆိုထားခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ရာတွင် တပ်မတော်က အဓိကဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်ရှိအခြေအနေတွင် နိုင်ငံရေးအရ ပါဝင်လာနိုင်သည့် အခွင့်အလမ်းများကို လုပ်ဆောင် သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့်က သုံးသပ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီအနေအထားမှာ နိုင်ငံရေးအရ သေသေချာချာ ရှုမြင်ပြီးတော့ ပါဝင်လာနိုင်တဲ့ အခွင့်အလင်းတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် တပ်မတော်နဲ့ ဆွေးနွေးနေတဲ့ လမ်းကြောင်းတွေအားလုံးဟာ ရပ်သွားတာဖြစ်ဖြစ် နောက်ပြန်ဆုတ်သွားတာဖြစ်ဖြစ် လာမည့် အစိုးရသစ်သက်တမ်းမှာ အားပြိုင်မှုတွေ ကြီးလာလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်စုံတစ်ရာ ထိခိုက်လာနိုင်တယ်လို့ မြင်တယ်” ဟု ရဲဘော်မိဆူးပွင့်က ဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကျော်ကြာ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း စက်တင်ဘာလ ၁ ရက်နေက ကြေငြာထားပြီး ယခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ထပ်မံအပစ်ရဲစဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန်အတွက်ဆိုကာ ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိဦးဆောင်သည့် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းမှာ နိုင်ငံအတွက် အောင်မြင်ပြီးဆုံးသည်အထိ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြီးဆုံးသည်အထိ ဆောင်ရွက်ရာတွင် တပ်မတော် အနေဖြင့် ဆွေးနွေရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

၂၀၂၀ မတိုင်မီ ပထမအစိုးရသက်တမ်းတွင် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသော ငြိမ်းချမ်းရေးကြိုးပမ်းမှု အကျပ်အတည်းကို ပြန်လည်သုံးသပ်ပြီး တိုင်းရင်းသားပြည်သူလူထုအကျိုးအား ဦးတည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်လည်း ညီနောင်သုံးဖွဲ့က တောင်းဆိုထားသည်။

ယင်းအပြင် မိမိတို့မဟာမိတ်အဖွဲ့များနှင့် ယခင်က NLD အစိုးရအဖွဲ့တို့ကြား ရပ်တန့်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်နိုင်ရေး အစိုးရသစ်အနေဖြင့် အလေးထားဆောင်ရွက်ရန်လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလမ်းစ ဖော်ဆောင်မည်ဆိုပါက AA ကို အကြမ်းဖက် အဖွဲ့မှ ရုပ်သိမ်းပေးရန်နှင့် နှစ်ဖက်လက်နက်ကိုင်အကြား တိုက်ပွဲများရပ်စဲရန်မူများကို လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“ဒီအချက်တွေကိုလုပ်မှ စစ်ရှိန်က နည်းနည်းလျော့ဆင်းသွားမှာ။ အဲဒီနောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးလုပ်ငန်း အဆင့်ဆင့်မှာ ဆွေးနွေးနိုင်အောင် သူတို့ NCA လက်မှတ်ထိုးရင်လည်းထိုး၊ မထိုးမီကြားမှာလည်း Bilateral ထိုးပြီး ဆွေးနွေးမယ်ဆိုရင်လည်းဆွေးနွေး စသဖြင့် လက်တွေ့ကျကျ အလုပ်တွေ လုပ်ကိုလုပ်ရမယ်။ ကြေငြာချက်တွေထုတ်ပြီး အောက်ခြေမှာ တိုက်ခိုက်မှုဖြစ်နေတာမျိုးတော့ မဖြစ်သင့်ဘူး” ဟု ဦးဖေသန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးထိရှိလာနေပြီး တိုက်ပွဲအကျိုးဆက်အနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ သံသယဖြင့် ဖမ်းဆီးခံရမှုများ အများအပြား ရှိနေသည်။

NLD ပါတီမှ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က “ဒါကတော့ ဘက်နှစ်ဖက်ပြဿနာပဲ။ ဘက်တစ်ဖက်တည်းနဲ့တော့ ဖြေလျှော့ပေးလို့မရဘူး။ ကျွန်တော်တို့ သိရသလောက်ပေါ့လေ။ ဥပမာဆိုပါတော့ တပ်မတော်ကနေပြီးတော့ တစ်ဘက်သက်အပစ်အခတ်ရပ်စဲရေးကို ကြေငြာဖူးတယ်။ အဲဒီကြငြာခဲ့တဲ့ဟာလည်း ဘာမှ အရာမရောက်ခဲ့ဘူး။ အခုမြောက်ပိုင်းအဖွဲ့ သုံးဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးကို ကြေငြာခဲ့တယ်။ သို့သော်လည်း သိပ်ပြီးအဆင်မပြေဘူး။ အဲဒီတော့ ဘက်နှစ်ဖက်စလုံးက ကိုယ်ကျင့်သုံးတဲ့မူကို တကယ် လိုက်နာမှ ရမယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ဖြေလျှော့စေချင်လို့ရှိရင် အကြမ်းဖက်အဖွဲ့အစည်း ဖြေလျှော့ပေးနိုင်တဲ့ လိုက်နာမှုတော့ ရှိဖို့လိုတယ်” ဟု ဆိုသည်။

DMG က ကောက်ယူရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် အရပ်သားသေဆုံးသူ (၅၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၅၂)ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ