တပ်က ရက်ပေါင်း ၁၀ ကျော်ကြာ စစ်ဆေးပြီးနောက် ဇိုင်ချောင်းကျေးရွာသားများကို အိမ်ပြန်ခွင့်ပြု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအတွင်း ကျေးရွာသား ၁၀၀ ကျော်ကို တပ်မတော်သားများမှ ရက်ပေါင်း ၁၀ ကျော်ကြာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

By နှင်းနွယ် 14 Nov 2020

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအတွင်း ကျေးရွာသား ၁၀၀ ကျော်ကို တပ်မတော်သားများမှ ရက်ပေါင်း ၁၀ ကျော်ကြာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းက အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

အဆိုပါ ကျေးရွာသားများကို နိုဝင်ဘာလ ၂ ရက်နေ့မှစတင်ကာ ကျေးရွာရှိ စာသင်ကျောင်း၌ စုစည်းပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်မှု ရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း စစ်ဆေးခံခဲ့ရသူများက ပြောသည်။

ထိန်းသိမ်းစစ်ဆေးခံခဲ့ရသူများထဲမှ လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် အမျိုးသမီးတစ်ဦးက “သူတို့ (တပ်မတော်)က နံနက် ၈ နာရီလောက်မှာ ရွာထဲကထွက်သွားတာ။ ခင်ဗျားတို့ ကိုယ့်အိမ်မှာပဲကိုယ်နေခဲ့။ ဘယ်မှသွားစရာမလိုဘူး။ စပါးတွေသိမ်းစရာရှိရင်သိမ်းဆိုပြီး ပြောသွားတယ်’’ ဟု ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇိုင်ချောင်းကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာသောကြောင့် အဆိုပါကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းကြောင့် ဇိုင်ချောင်းကျေးရွာသား ၇၀၀ ကျော်မှာ ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး ကျေးရွာအတွင်း၌ လူကြီး၊ လူငယ်၊ အမျိုးသမီး စုစုပေါင်း ၁၀၀ ကျော်မှာ ထွက်ပြေးခွင့်မသာဘဲ ကျန်ရှိနေခဲ့ ကြသည်။

ယင်းသို့ ကျန်နေခဲ့သည့် ကျေးရွာသားများအား တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့ကာ စစ်ဆေးနေစဉ်ကာလ အတွင်း ချက်ပြုတ်စားသောက်ရေးအတွက် ရွာအတွင်းမှပစ္စည်းများကို သွားရောက်ယူဆောင်ခွင့်ပေးခဲ့ သော်လည်း လူဦးရေများသဖြင့် စားသောက်ရေးအတွက် အခက်ကြုံခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။

“ဟိုအိမ်ကနည်းနည်း၊ ဒီအိမ်ကနည်းနည်း သွားရှာပြီး ရလာတာကိုပဲ စာသင်ကျောင်းထဲမှာ စုပြီးစားရတာ။ သူတို့(တပ်မတော်)ဆီကလည်း နည်းနည်းပေးတယ်။ လူအများကြီးဆိုတော့ အခက်အခဲဖြစ်တာပေါ့။ ပြီးတော့ ကျမတို့ရွာထဲကို ပစ္စည်းသွားယူပြီဆိုရင် တပ်မတော်သား သုံး၊လေးယောက်ကို အစောင့်အဖြစ် အမြဲထည့်ပေး လိုက်တယ်” ဟု အမည်မဖော်ပြလိုသည့် အမျိုးသမီးကပြောသည်။

တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည့် အမျိုးသားတစ်ဦးကမူ ၎င်းအားတပ်မတော်သားများက နေအိမ်မှ စာသင်ကျောင်းသို့ ခေါ်ဆောင်စဉ် ရိုက်နှက်ခံခဲ့ရကြောင်း ပြောသည်။

“အဲဒီနေ့က ကျနော်ကအိမ်မှာ မိသားစုနဲ့အတူ ထိုင်နေတာ။ လမ်းကိုရောက်တာနဲ့ ပါးကို(၅)ချက်ရိုက်တယ်။ ပြီးတော့ခြေနဲ့ကန်တယ်။ ခေါင်းကိုဒုတ်နဲ့ရိုက်ပြီးတော့ ဝပ်ခိုင်းထားတယ်။ ပြီးတော့အိမ်မှာရှိတဲ့ ဝါးချောင်းကို ကောက်ယူပြီးတော့ ထပ်ရိုက်တယ်။ တချို့ဆို သေနတ်ဒင်နဲ့ အထုခံရတယ်။ အဲဒီနေ့ကဆို နာလွန်းလို့ အိပ်လို့တောင်မရဘူး။ အခုထိလည်း နာနေတုန်းပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းအမျိုးသားက ဆိုသည်။

ကျောက်ဖြူမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “စစ်တပ်က ရွာထဲကနေထွက်သွားပြီး သူတို့(တပ်မတော်) ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျေးရွာသားတွေကို ရွာထဲမှာပြန်ထားခဲ့တာလို့ သိရတယ်။ အခုလက်ရှိတော့ ရွာသားတွေက ရွာမှာပဲရှိသေးတယ်။ မြို့ပေါ်ကိုရောက်လာမလား၊ မရောက်ဘူးလား ဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။

ဇိုင်ချောင်းကျေးရွာအတွင်းမှ တပ်မတော်သားများ ထွက်ခွာသွားပြီးနောက် ဒေသခံများမှာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

ယင်းသို့ ဇိုင်ချောင်းကျေးရွာအတွင်း ဖြစ်ပျက်ခဲ့သည်ဆိုသည့် အချက်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တုံ့ပြန်ချက်ကိုရရှိရန် DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ဗီဒီယိုများ