မောင်တောတွင် ကားတစ်စီးမိုင်းထိမှန်ကာ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သာယာကုန်းကျေးရွာတွင်ပြုလုပ်သော ကထိန်ပွဲမှ ပြန်လာသည့် ကားတစ်စီးမှာ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် လမ်းခုလတ်၌ မိုင်းထိမှန်ကာ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

17 Nov 2020

ကျော်မျိုးအောင် | DMG
နိုဝင်ဘာ ၁၇ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သာယာကုန်းကျေးရွာတွင်ပြုလုပ်သော ကထိန်ပွဲမှ ပြန်လာသည့် ကားတစ်စီးမှာ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် လမ်းခုလတ်၌ မိုင်းထိမှန်ကာ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မောင်တောမြို့၊ ခရေမြိုင်ကျေးရွာမှ ရွာသူရွာသားများမှာ သာယာကုန်းကျေးရွာပွဲသို့ သွားရောက်ခဲ့ပြီးနောက် ကား ၃ စီးဖြင့် ပြန်လာကြစဉ် တောင်ပြို-ကြိမ်ချောင်းလမ်း တစ်ရိမ်ကျေးရွာနှင့် လိပ်ရကျေးရွာကြားတွင် လူ ၉ ဦးစီးနင်းလာသည့်ကားတစ်စီး မိုင်းထိမှန်သွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကားမိုင်းထိမှန်မှုကြောင့် လိုက်ပါစီးနင်းလာသူ ၉ ဦးထဲမှာ ၃ ဦးမှာသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း နံ့သာတောင်ဆရာတော် ဦးစရဏက DMG ကို မိန့်ကြားသည်။

သေဆုံးသွားသူများမှာ ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ ဇနီးဖြစ်သူ မဆန်းရီ ၂၀ နှစ်နှင့် ၎င်းတို့၏သားဖြစ်သူ တစ်နှစ်သားအရွယ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာ ခရေမြိုင်ကျေးရွာနေ ဦးစံလှထွန်း ၄၄ နှစ်၊ မစောယိုင် ၃၇ နှစ်၊ မခင်ခင်ဦး ၁၃ နှစ်၊ မခင်စိုးကြည် ၁၁ နှစ်၊ မကြည်ကြည်သန်း ၉ နှစ်နှင့် မသန်းသန်းကြည် ၇ နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့ကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “အခုမိုင်းပေါက်တဲ့နေရာမှာ အရင်ကလည်း မိုင်းပေါက်လို့ ရဲတပ်ရင်းမှူးတစ်ဦးကျသွားတယ်။ ဖောက်တာက အာဆာ(ARSA)ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

မောင်တောမြို့နယ်၌ ARSA အဖွဲ့ထောင်ထားသည့် ကားမိုင်း ၁ လုံးအား အရပ်ဖက်မော်တော်ယာဉ်တစ်စီးမှ နင်းမိပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်မှာ လမ်းယာဘက် ၅၀ ပေခန့်သို့ မြောက်တက်လွင့်စင်သွားခဲ့ပြီး ကားလမ်းအလယ်၌ ၁၅ ပေပတ်လည် အနက် ၇ ပေခန့်ရှိ မြေကျင်း ၁ ခုဖြစ်ပေါ်ခဲ့ကြောင်းလည်း ဆိုထားသည်။

ယခု မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တစ်ရိမ်ကျေးရွာနှင့် လိပ်ရကျေးရွာကြားတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကား များလည်း မကြာခဏ မိုင်းဆွဲခံရမှုများ ရှိခဲ့သည်။

ယင်းနေရာ အနီးပတ်ဝန်းကျင်၌ ယခုနှစ်မတ်လအတွင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရမှုကြောင့် အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

ဗီဒီယိုများ