ဖမ်းဆီးခံရသည့် ကျောင်းသားများ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြတောင်းဆို

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံထားသည့် ကျောင်းသားများအား လွတ်မြောက် ရေးအတွက် ယနေ့ နိုဝင်ဘာ(၂၆)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ UN ရုံးရှေ့တွင် ဂျပန်ရောက်တိုင်းရင်းသား များက ဆန္ဒပြတောင်းဆိုခဲ့သည်။

By ဉာဏ်ဟိန်း 26 Nov 2020

ဉာဏ်ဟိန်း | DMG
နိုဝင်ဘာ ၂၆ ၊ စစ်တွေ

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံထားသည့် ကျောင်းသားများအား လွတ်မြောက် ရေးအတွက် ယနေ့ နိုဝင်ဘာ(၂၆)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ UN ရုံးရှေ့တွင် ဂျပန်ရောက်တိုင်းရင်းသား များက ဆန္ဒပြတောင်းဆိုခဲ့သည်။

ဆန္ဒပြပွဲကို ANDP-Japan ရခိုင်အဖွဲ့အစည်း၊ OKO-Japan ကရင်အဖွဲ့အစည်း၊ KNO-Japan ကချင်အဖွဲ့ အစည်းများက ဦးဆောင်ကျင်းပခဲ့ပြီး ဆန္ဒပြသူဦးရေ ၈၀ ခန့် တက်ရောက်ခဲ့ကြောင်း ANDP-Japan အထွေထွေ အတွင်းရေးမှူး ကိုသက်ထွန်းအောင်က DMG သို့ပြောသည်။

“ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်။ နောက်ပြီးတော့ အခုလိုကိုဗစ်ကာလမှာ 4G အင်တာနက်ရရှိနိုင်ရေးကို တောင်းဆိုခဲ့ပြီးတော့ အစိုးအသစ်လက်ထက်မှာ တိုင်းရင်းသားတွေ တန်းတူအခွင့်ရေးရရှိဖို့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံထား ရသည့် မြန်မာပြည်အနှံ့မှ ကျောင်းသားများအား ပြန်လွှတ်ပေးရန်နှင့် ထိုသို့ တရားစွဲဆိုမှုများ ဆက်လက်မပြု လုပ်ရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့အပါအဝင် အဖွဲ့အစည်း (၁၀)ဖွဲ့မှ နိုဝင်ဘာ ၂၃ ရက်နေ့က အစိုးရထံ ကြေငြာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သဖြင့် တရားစွဲဆိုခံခဲ့ရသူ ၆၁ ဦးရှိပြီး လက်ရှိဖမ်းဆီးခံကာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၁ ဦးအထိရှိကြောင်း အသံအဖွဲ့၏စာရင်းအရ သိရသည်။

ထို့အပြင် အကြမ်းဖက်ဥပဒေဖြင့်ဖမ်းဆီးခံရသူ ၂၆၉ ဦးရှိကြောင်း၊ ယင်းသို့ အကြမ်းဖက်ဥပ‌ဒေတို့ဖြင့် ဖမ်းဆီးနေခြင်းသည် ရခိုင်ပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကိုသက်ထွန်းအောင်က ဆိုသည်။

ANDP-Japan ၏ စည်ရုံးရေးမှူး ကိုထွန်းထွန်းဦးက “NLD အစိုးရလက်ထက် ရခိုင်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဟာ အရင်ထက် တိုးမြှင့်ပြီး ဆုံးရှုံးနေတယ်"ဟု ပြောသည်။

လက်ရှိအချိန် ကိုဗစ်ကာလမှာလည်း 4G အင်တာနက် ဖွင့်မပေးခြင်းသည် ခြေခံလူ့အခွင့်ရေးကို ချိုးဖောက်နေခြင်းဖြစ်ပြီး တန်းတူညီမျှရေး ဒီမိုကရေစီ စံချိန်စံညွှန်းများကို ချိုးဖောက်နေခြင်းဖြစ်‌‌ကြောင်းလည်း ၎င်းက ဆက်၍ဆိုသည်။

ဗီဒီယိုများ