တပ်မတော်ကငြင်းဆိုထားသည့် စစ်သုံ့ပန်း ၁၃ ဦးဓာတ်ပုံကို AA ဖော်ပြ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ (၉) ဦးရှိကြောင်းနှင့် လက်နက်ချအညံ့ခံသော ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။

By ကျော်ချစ် 25 Nov 2019

သုံ့ပန်းများ၏ အမည်၊ ဓာတ်ပုံနှင့် ရာထူးအဆင့်အတိအကျကို ထုတ်ပြန်သွားရန်ရှိကြောင်းလည်း AA က ဆိုသည်။ (ဓာတ်ပုံ - ရက္ခိုင့်တပ်တော်)

ကျော်ချစ် | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ (၉) ဦးရှိကြောင်းနှင့် လက်နက်ချအညံ့ခံသော ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ တပ်မ(၇၇)လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ(၃၁၃)တပ်ရင်းနှင့် AA တို့ ပလက်ဝမြို့နယ်၊ ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တပ်မတော်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် (၁၃) ဦးကိုဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းခြေ သေနတ် (၁၄) လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အေအေကဆိုသည်။

AA က ထုတ်ပြန်သကဲ့သို့ ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် ၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲအား ပြန်တင်ထားခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုက်စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုခဲ့သည်။

တပ်မတော်၏ပြောဆိုချက်နှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “စစ်မြေပြင်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ သူတို့ရဲ့စစ်သည်တွေကိုတောင်မှ အဲ့လိုမျိုး ပိုင်ရှင်မဲ့ လုပ်လိုက်တာကတော့ သူတို့အတွက် အသေခံတိုက်ပွဲဝင်နေတဲ့ ဗမာစစ်သည်တွေအဖို့ကတော့ တော်တော်လေး ရင်နာစနာကောင်းတဲ့ ကိစ္စလို့ ပြောလို့ရတာပေါ့။ တစ်ဖက်မှာလည်း အဲဒီစစ်သည်တွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေအတွက်က ပိုပြီးတော့ ကြေကွဲစရာ၊ ရင်နာစရာကိစ္စလို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

တပ်မတော်သား သုံ့ပန်း ၁၃ ဦး၏ဓာတ်ပုံကို ယနေ့နိုဝင်ဘာလ ၂၅ ရက်နေ့တွင် AA ၏ ဝက်ဆိုဒ်တွင်ဖော်ပြခဲ့ပြီး ၎င်းတို့ကို လူနာမည်၊ ဓာတ်ပုံနှင့် ရာထူးအဆင့်အတိအကျကို ထုတ်ပြန်သွားရန်ရှိကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများအား လွှတ်ပေးပါက AA ကလည်း ၎င်းတို့ဖမ်းဆီးထားသည့် စစ်ဖက်နှင့်သက်ဆိုင်သူများကို ပြန်လွှတ်ပေးသွားရန်ရှိကြောင်း AA ဘက်က ပြောသည်။

“အခုစစ်ဖြစ်နေတဲ့အချိန်အတွင်းမှာ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဖက်ကဖမ်းဆီးထားတဲ့ ရခိုင်အားလုံးကို သူတို့ဖက်က ပြန်လွှတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်းပဲ ဖမ်းထားတဲ့သူတို့လူတွေကို ပြန်လွှတ်ပေးသွားဖို့တော့ အစီအစဉ်ရှိတာပေါ့။ သူတို့ဘက်က အသေးစိတ်ညှိမယ်ဆိုရင်တော့ ကျနော်တို့ဘက်လည်း အသေးစိတ် ပြန်ပြောဖို့တော့ရှိတာပေါ့” ဟု ခိုင်သုခက ဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း AA က ဖမ်းဆီးထားသည့် စစ်ဖက်နှင့်သက်ဆိုင်သူ ၁၇ ဦးကို တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူများနှင့် သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA ဘက်က ထုတ်ပြန်ကြေညာခဲ့ရာ တပ်မတော်ဘက်က အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း တုန့်ပြန်ခဲ့သည်။

Related Post : တိုက်ပွဲအတွင်း တပ်မတော်သား (၁၃) ဦးဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်ချက်ကို တပ်မတော်ငြင်း

ဗီဒီယိုများ