နှလုံးမှာ မိုင်းစဝင်နေသည့် မြောက်ဦးက အမျိုးသမီးတစ်ဦး အရေးပေါ်ခွဲစိတ်ကုသစရိတ် လိုအပ်နေ

မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နှလုံးနှင့် ခြေထောက်တို့တွင် မိုင်းစများထိမှန်သွားသည့်အတွက် အရေးပေါ်ခွဲစိတ်ကုသစရိတ်လိုအပ်နေသည်ဟု မိသားစုဝင်များထံမှသိရသည်။

By နှင်းနွယ် 12 Jan 2021


 
နှင်းနွယ် | DMG                
ဇန်နဝါရီ ၁၂ ၊ စစ်တွေ
 
မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နှလုံးနှင့် ခြေထောက်တို့တွင် မိုင်းစများထိမှန်သွားသည့်အတွက် အရေးပေါ်ခွဲစိတ်ကုသစရိတ်လိုအပ်နေသည်ဟု မိသားစုဝင်များထံမှသိရသည်။

ခွဲစိတ်ကုသရမည့်သူမှာ အသက် (၄၀) အရွယ် ဒေါ်မဝိုင်းချေဖြစ်ပြီး ၎င်းမှာ မိုင်းထိမှန်ပြီးနောက် မြောက်ဦး ပြည်သူ့ဆေးရုံကြီး၌ နှစ်လနီးပါးခန့် ဆေးကုသမှုခံယူခဲ့သော်လည်း ထပ်မံနေမကောင်းဖြစ်လာမှုကြောင့် ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ နှလုံးနှင့်ခြေထောက်တို့၌ ကျည်စဝင်နေသဖြင့် ခွဲစိတ်ကုသရမည်ဟု ဆရာဝန်က ပြောဆိုလိုက်ကြောင်း သမီးဖြစ်သူ မနှင်းအေးခိုင်က DMG သို့ပြောသည်။

“နေမကောင်းလို့ ဓာတ်မှန်သွားရိုက်တော့ ကျည်စတွေရှိနေသေးတဲ့အတွက် ခွဲစိတ်ရမယ်ပြောတယ်။ မြောက်ဦး ဆရာဝန်ကတော့ ခြေထောက်ကကျည်စကို သူတာဝန်ယူတယ်တဲ့။ ဒါပေမယ့် နှလုံးကိုကျတော့ သူမလုပ်ပေးနိုင်ဘူး။ စစ်တွေကိုသွားပြီး ခွဲစိတ်ရမယ်တဲ့။ ဒါပေမယ့် ကျမတို့မိသားစုက သူများရွာတွေကိုသွားပြီး ဟင်း (အသီးအရွက်) ရောင်းမှ ထမင်းစားရတာ။ ဟင်း (အသီးအရွက်) တစ်ရက်ရောင်းလို့ ရတဲ့ဝင်ငွေ ၈ ထောင် လောက်နဲ့ ကျမအမေကို ခွဲစိတ်ကုသပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး’’ ဟု သူမကပြောသည်။

လက်ရှိတွင် ဒေါ်မဝိုင်းချေ ခွဲစိတ်ကုသနိုင်ရေးအတွက် မိသားစုဝင်များအနေဖြင့် အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အဖွဲ့ထံ အကူညီတောင်းခံထား ကြောင်းလည်း သိရသည်။

“ကျမက အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း သိပ်မသိတော့ မိတ်ဆွေတစ်ယောက်က REC နဲ့ ချိတ်ပေးတယ်။ သူတို့ကတော့ အလှူရှင်တွေရှာပြီး ချိတ်ဆက်ပေးမယ်ပြောတယ်။ ကျမကတော့ အမေကို အမြန်ဆုံးခွဲစိတ် ကုသနိုင်ဖို့အတွက် အဖွဲ့အစည်းတွေအနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်’’ ဟု မနှင်းအေးခိုင်က ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ၎င်းတို့မိသားစုဝင်များ၏ အခက်အခဲများကို အသေးစိတ်မေးမြန်းထားပြီး လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်းဆိုသည်။

“DRC ကနေပြီးတော့ မိုင်းထိမှန်သူတွေအတွက် ထောက်ပံ့ပေးတာလည်းရှိမယ်။ ကျန်းမာရေးဌာနက ဆေးကုသ ပေးတာလည်းရှိမှာပေါ့။ ကျနော်တို့မှာလည်း သူတို့ကိုကူညီပေးဖို့အတွက် အစီအစဉ် သီးသန့်မရှိဘူး။ တခြား ရန်ပုံငွေထဲက ဖြည့်ပေးရမှာဆိုတော့ သူများတွေပေးထားတဲ့ အကူအညီနဲ့ ထပ်လည်းမထပ်ရအောင် အကျိုး လည်းရှိအောင် ကူညီပေးသွားဖို့ စဉ်းစားထားတယ်’’ ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ယင်းပြင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂများ အနေဖြင့်လည်း ဒေါ်မဝိုင်းချေအား ခွဲစိတ်ကုသပေးရန် အလှူငွေများကောက်ခံလျှက်ရှိပြီး တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဥက္ကဌ ကိုတိုးတိုးအောင်က ပြောသည်။

“လောလောဆယ် အလှူငွေတွေကောက်နေတယ်ပေါ့။ တကယ်လို့ ငွေလေးငါးသိန်း လောက်ရပြီဆိုတာနဲ့ မြောက်ဦးမြို့နယ်က အမျိုးသမီးကို စစ်တွေကိုခေါ်ပြီးတော့ ခွဲစိတ်မှုတွေလုပ်ပေးသွားမယ်။ ကျနော်တို့ အနေနဲ့တော့ တခြားဆေးကုသဖို့အခက်ခဲဖြစ်နေတဲ့ သူတွေရှိရင်လည်း ဖြည်းဖြည်းချင်း တတ်နိုင်သလောက် ကူညီပေးသွားဖို့တော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်မဝိုင်းချေမှာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ ဇွန်လ (၃)ရက်နေ့က ခင်ပွန်းဖြစ်သူအပါအဝင် အသက် (၆၀) အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့်အတူ ကျေးရွာအနီးရှိ တောင်ပေါ်သို့ဟင်းရှာရန်သွားစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ထိုမိုင်းပေါက်ကွဲမှုကြောင့် ခင်ပွန်းဖြစ်သူမှာ အခင်းဖြစ်သည့်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်းနှင့် သက်ကြီးပိုင်းအမျိုးသမီးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်နှင့်မိုင်းထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူအများအပြားရှိနေပြီး ယင်းထဲမှအချို့မှာ လက်ရှိအချိန်၌ ဒဏ်ရာကောင်းမွန်ခြင်း မရှိသေးသည့်အတွက် ဆေးကုသမှုထပ်မံခံယူရန် လိုအပ်လျှက်ရှိနေကြသည်။

ဗီဒီယိုများ