စစ်တွေမှ ငစရိုင်းချောင်းစစ်ဘေးရှောင်စခန်းတွင် ရေအကူညီအရေးပေါ်လိုအပ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ အာကျိတ်တော်ကုန်းတွင်တည်ရှိသည့် ငစရိုင်းချောင်း စစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်မှုများဖြစ်ပွားနေပြီး အရေးပေါ်အကူညီများ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

06 May 2021

DMG | မေ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ အာကျိတ်တော်ကုန်းတွင်တည်ရှိသည့် ငစရိုင်းချောင်း စစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်မှုများဖြစ်ပွားနေပြီး အရေးပေါ်အကူညီများ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီပေးထားသော ရေနှင့် နီးစပ်ရာ ရပ်ကွက်အချို့မှ တစ်ခါတစ်ရံလာရောက်ကူညီပေးသော ရေတို့ကို ချွေတာသုံးစွဲနေရကြောင်း စစ်ဘေးရှောင်စခန်း ဒုတာဝန်ခံ ကိုကျော်ဝေက DMG သို့ ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ရေသုံးစရာမရှိတော့ဘူးဆိုရင် မီးသတ်ဦးစီးဌာနကို ဖုန်းဆက်ပြီး အကူညီ လှမ်းတောင်းရတယ်။ သူတို့ဆီက ရေလာလှူရင် နှစ်ရက်တော့ ချွေတာပြီးသုံးလို့ရတယ်။ ဒါပေမယ့် အမြဲတမ်းသူတို့ကို အကူညီတောင်းဖို့ကျတော့ ကျွန်တော်တို့မှာ အားနာရတယ်” ဟု သူကဆိုသည်။

အဆိုပါဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင်ရှိသည့် ရေကန်ကြီးမှာ ဖေဖော်ဝါရီလမှ စတင်ကာခမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံတူးဖော်ကာ ကန်တော်ကြီးမှရေကို ထည့်သွင်းခဲ့သော်လည်း အပူချိန်ကြောင့် ပြန်လည်ခမ်းခြောက်သွားခဲ့ကြောင်း ကိုကျော်ဝေကပြောသည်။

“လက်ရှိမှာ မနေ့က မီးသတ်က လာလှူထားတဲ့ ရေနည်းနည်းပဲရှိတော့တယ်။ ဒီရေတွေကလည်း မနက်ဖြန်အထိတောင် ခံပါ့မလားမသိဘူး။ ဒီရေတွေကုန်သွားရင် ဘယ်သူ့ဆီကို ထပ်ပြီး အကူညီတောင်းရမလဲဆိုတာ ကျွန်တော်လည်း မစဉ်းစားတက်တော့ဘူး” ဟု သူကဆိုသည်။

ပြီးခဲ့သည့် နှစ်လခန့်က အဝီစိရေတွင်း တူးဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အောက်ခြေတွင် ကျောက်ခံနေသဖြင့် တူးဖော်မှုကို လက်လျှော့ခဲ့ရကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။
ရေရှားပါးမှုကြောင့် မီးသတ်ဦးစီးဌာနမှ ရေလာရောက်လှူဒါန်းချိန်တွင် ရေကို အညီအမျှခပ်ယူထားသော်လည်း လောက်ငှမှုမရှိသဖြင့် ရေပြတ်သည့်အချိန်တွင် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း ငစရိုင်းချောင်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းနေ ဒေါ်စိုးယဉ်ကဆိုသည်။

“သောက်ရေကတော့နေ့တိုင်း အဗူး ၂၀ ကျော် လာလှူတဲ့အလှူရှင်တွေတော့ရှိတယ်။ လူက ၁၀၀ ကျော်ရှိတော့ ချွေတာသောက်ကြရတာပေါ့။ သုံးရေကတော့ မီးသတ်ကလာလှူတဲ့အချိန်ဆိုရင် တယောက်နည်းနည်း ခပ်ပြီးသုံးကြတယ်၊ ကုန်သွားရင် ယောက်ျားတွေက ကန်တော်ကြီးဘက်ကိုသွားပြီး ရေချိုးရတယ်။ အမျိုးသမီးတွေကတော့ အဲ့ကရေကိုခပ်ပြီး ချွေတာသုံးရတယ်” ဟု သူကဆိုသည်။

စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေအခက်အခဲကြုံတွေ့နေရကြောင်း အကြောင်းကြားလာသော စစ်ဘေးရှောင်စခန်းများကို ရေသွားရောက် ပို့ပေးလျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်မျိုးဌေးကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ရေကိုပို့ပေးတဲ့အခါ ဘက်ဂျက်လိုအပ်ချက်အရ ဆီဖိုးနဲ့ အလုပ်သမားခအနေနဲ့ ကားတစ်စီးကို ငွေနှစ်သောင်းလောက်တော့ ယူပါတယ်။ တကယ်အကူညီလိုအပ်နေတဲ့နေရာတွေကိုတော့ အခမဲ့ပို့ပေးသွားမှာပါ” ဟု သူကဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၄၆ ဦးရှိပြီး အများစုမှာ ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတစ်ဝိုက်မှ ဒေသခံများဖြစ်ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။
စစ်တွေမြို့တွင် နှစ်စဉ် ဧပြီလမှ စတင်ကာရေရှားပါးမှုဒဏ်ကို ခံစားရလေ့ရှိပြီး ရေတစ်စည်လျှင် ငွေကျပ် ၃၀၀၀ နှင့်၄၀၀၀ ကျပ်အထိပေါက်ဈေးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ