လေမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များ ပြန်ဆောက်ရန် အလှူရှင်လိုအပ်

လေမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၂၀၀ ခန့်ကို လက်ရှိအချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

09 Jun 2021

DMG ၊ ဇွန် ၉

လေမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၂၀၀ ခန့်ကို လက်ရှိအချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၃၇ လုံးမှာ ငွေကြေးအခက်အခဲကြောင့် ယခုချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးဘဲ၊ တစ်အိမ်လုံးပျက်စီးသွားသည့်အရေးပေါ်အိမ် ၅ လုံးကိုသာ အလှူရှင်များ၏အကူညီဖြင့်  ပြန်လည်ပြုပြင်နိုင်သေးသည်ဟု သိရသည်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးညီပုက“ ပြိုသွားတဲ့ အိမ်ပိုင်ရှင်တွေကတော့ သူတို့ တတ်နိုင်သလောက်လုပ်ပြီး နေနေကြတယ်။ အဲ့တာကလည်း လောလောစဉ် အနေထားလောက်မှာပဲနေလို့ရမှာ။ အခုက မိုးရာသီလည်းရောက်လာပြီဆိုတော့ မိုးဒဏ်၊ လေဒဏ်ခံနိုင်အောင်တော့ အသေအချာလည်း ပြန်ဆောက်ရမှာဖြစ်တယ်။ မလုပ်ဘူးဆိုရင်တော့ လုံးဝနေလို့ရမှာမဟုတ်ဘူး။ အဓိက ကျနော်တို့ကတော့ အလှူရှင်တွေကို စောင့်နေရတယ်။ ” ဟု ဆိုသည်။

ယင်းအပြင် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းထံမှ စားနပ်ရိက္ခာထောက်ပံ့မှုကို မရရှိသည့်အိမ်ထောင်စု ၄၂ စုမှ လူဦးရေ ၁၀၀၀ ခန့်မှာ ဝတ်နေရေးအခက်အခဲဖြစ်နေသည်ဟု ဦးညီပုက ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေ ၂၅ ရက်နေ့က တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း စသည့် စခန်းအသီးသီးတွင် စစ်ဘေးရှောင်တဲအိမ်များ ပြိုပျက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် စညှင်းစစ်ဘေးရှောင်စခန်းမှ တဲအိမ် ၁၀ လုံးကိုလည်း ပြန်လည်ပြုပြင်ရန် ဝါး၊ ဓနိ၊ သစ်တိုင်များ မရှိသေး၍ ၎င်းတို့မှာ နီးစပ်ရာဆွေမျိုးအိမ်များတွင် နေထိုင်နေရသည်ဟု စညှင်းစစ်ဘေးရှောင်စခန်းမှတာဝန်ခံ ဦးအာဆာရက မိန့်ကြားသည်။

“ အဲဒီအိမ်တွေကလည်း ဆောက်ထားတာ ကြာပြီဆိုတော့ လေတိုက်တာနဲ့ တခါတည်းပါသွားတာ။ အခုတော့ တချို့အမျိုးတွေအိမ်မှာ ခိုကပ်ပြီးနေနေကြတယ်။ အိမ်သေးသေးလေးတစ်ဆောင်မှာ မိသားစုတစ်စုတောင် မဆန့်တဲ့နေရာ နောက်ထပ်မိသားစုတွေ ထပ်တိုးလာတယ်ဆိုတော့ နေထိုင်ရ ပိုပြီးခက်ခဲသွားတာပေါ့နော်။ ” ဟု မိန့်သည်။

လေပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့်တဲအိမ်များကို ပြန်လည်ဆောက်လုပ်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေချိန် စစ်ကောင်စီအနေဖြင့် ၎င်းတို့အား မည့်သည့်အချိန်၌ တည်ဆောက်ပေးမည်ဆိုသော အစီအစဉ် တစုံတရာမသိရှိရသေးကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“ လက်ရှိ အစိုးရဟာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ အထက်က တာဝန်ပေးချက် ခွင့်ပြုချက်တစုံတရာမရှိဘူး။ အဲဒီလိုပုံစံမျိုးလည်းဖြစ်နိုင်တယ်။ ဒီအလုပ်ကို လုပ်တော့မယ်ဆိုရင် သူတို့ဖက်က စိန်ခေါ်မှုတွေ၊ ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ အခက်အခဲတွေဖြစ်နိုင်တယ်။ ဒီနေရာမှာ ဌာနဆိုင်ရာတစ်ခုအနေနဲ့ ရုံးစိုက်ပြီးတော့နေတယ်။ ဒါပေမဲ့သူတို့ လုပ်ပိုင်ခွင့်ဟာ တစုံတရာမရှိဘူးလို့ မြင်ပါတယ်။ သူ့တို့အနေနဲ့ လုပ်ပေးချင်ပေမယ့် အထက်က ပြည်နယ်အဆင့်၊ တိုင်းအဆင့်၊ ဝန်ကြီးအဆင့် သူတို့က လုပ်ဆောင်ခွင့်ကို အပြည့်အဝ မပေးထားတဲ့အတွက် မလုပ်ပေးနိုင်တာဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေး အခက်အခဲရှိသည့်အပြင် လက်ရှိကျောင်းဖွင့်ချိန် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ သူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းများထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း တစ်သိန်းကျော်ရှိနေသည်ဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ