ရခိုင်သမိုင်းသုတေသီ ဒွါရာဝတီ အသျှင်ကုသလ ဈာပနပွဲကို ဧပြီလ ၃ ရက်နေ့ ကျင်းပမည်

ရခိုင်ပြည်နယ် သံတွဲမြို့ အောင်မြေသာစည် ပရိယတ္တစာသင်တိုက်တွင် သီးတင်းသုံးနေထိုင်တော်မူလျှက်ရှိသော ရခိုင်သမိုင်းသုတေသီ စာရေးဆရာ ဆရာတော် ဒွါရာဝတီအသျှင်ကုသလ (ငွေသဇင်) ၏ ဈာပနအခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

By DMG 09 Mar 2021


DMG ၊ မတ် ၉

ရခိုင်ပြည်နယ် သံတွဲမြို့ အောင်မြေသာစည် ပရိယတ္တစာသင်တိုက်တွင် သီးတင်းသုံးနေထိုင်တော်မူလျှက်ရှိသော ရခိုင်သမိုင်းသုတေသီ စာရေးဆရာ ဆရာတော် ဒွါရာဝတီအသျှင်ကုသလ (ငွေသဇင်) ၏ ဈာပနအခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆရာတော် ဒွါရာဝတီအရှင်ကုသလ (ငွေသဇင်) မှာ ကျောက်ကပ်ပျက်စီးမှုရှိခြင်းကြောင့် ကျောက်ကပ်အစားထိုးကုသခြင်း ပြုလုပ်ထားရပြီး မတ်လ ၇ ရက်နေ့ မနက် ၁၁ နာရီကျော်က ရုတ်တရက်ပျံလွန်တော်မူပြီး လာမည့် ဧပြီလတွင် ၃ ရက်နေ့တွင် ကျန်ရစ်သော ရုပ်အလောင်း ဈာပနအခမ်းအနား သင်္ဂြိုလ်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဒါယိကာမ ဒေါ်မိမိခိုင်က ပြောသည်။

"ဆရာတော် ဈာပနကို ဧပြီ ၃ ရက်မှာ စမယ် ၄ ရက်နေ့မှာ သင်္ဂြိုလ်မယ်။ မတ်လ ၂၉ ရက်နေ့ကပင် ၂ ရက်နေ့ထိ တရားပွဲ ၅ ရက်တိုင်တိုင် ရှိမယ်" ဟု ပြောသည်။

သံတွဲမြို့နယ်တွင် ယခုကဲ့သို့ ကြည်ညိုဖွယ်ရာ ဆရာတော်တပါးပျံလွန်တော်မူခြင်းမှာ မြို့နယ်၊ ပြည်နယ်၊ သာသနာနှင့် စာပေလောကအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း သူမက ထပ်မံပြောဆိုသည်။

ဆရာတော်မှာ ၁၉၆၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သက်တော် ၆၀ နှစ် သိက္ခာတော် ၄၀ ရှိနေပြီး ဖြစ်သည်။ ဆရာတော်မှာ သက်တော် ၁၅ နှစ်အရွယ်မှစတင်ကာ စာပေရေးသားမှုကိုလုပ်ဆောင်ခဲ့ပြီး ၁၉၈၄ ခုနှစ်  ငွေတာရီမဂ္ဂဇင်းတွင် ဆရာတော်ရေးသားသောဆောင်းပါး စတင်ပါဝင်ခဲ့သည်။

ဆရာတော် ရေးသားခဲ့သော ဆောင်းပါးပေါင်း ၆၀၀ ကျော်ကို ငွေသဇင် (သံတွဲ)နှင့် ဒွါရာဝတီ အသျှင်ကုသလ ကလောင်အမည်အပြင် အခြားသော ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။

ဆရာတော်အနေဖြင့် ကိုယ်တိုင်ရေးစပ်သော စာအုပ်ပေါင်း ၂၀ ကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။

ဆရာတော်မှာ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် ရခိုင့်ဂုဏ်ဆောင်ဆုရ ဆရာတော်တစ်ပါးဖြစ်သလို ရခိုင်သမိုင်းယဉ်ကျေးမှု ရခိုင်သုတေသနအပြင် ရခိုင်စာပေသင်ရိုးသစ်များ ပေါ်ပေါက်ရေးအတွက်ကိုလည်း အထူးလုပ်ဆောင်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။

ယင်းအပြင် ဆရာတော်မှာ ရခိုင်တော်လှန်ရေးနှင့်  ရခိုင်အမျိုးသားရေး လှုပ်ရှားမှုတွင် တာဝန်ကျေပွန်ပြီး စံပြဆရာတော်တစ်ပါးဖြစ်သည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ