အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ULA/AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း NUG ဖိတ်ကြား

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကို အလွတ်သဘောဖြင့်တွေ့ဆုံလိုကြောင်း အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖိတ်ကြားလိုက်သည်။

26 Mar 2022

DMG ၊ မတ် ၂၆

အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကို အလွတ်သဘောဖြင့်တွေ့ဆုံလိုကြောင်း အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖိတ်ကြားလိုက်သည်။

NUG မှဖွဲ့စည်းထားသည့် မဟာမိတ်ဆက်ဆံရေးကော်မတီကို မိတ်ဆက်ခြင်းနှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာမိတ်ဆက်ဆံရေးကော်မတီခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏လက်မှတ်ဖြင့် မတ် ၂၄ ရက်နေ့က ဖိတ်ကြားထားခြင်းဖြစ်သည်။

“လူကြီးမင်းတို့ (ULA)အဖွဲ့အစည်း၊ အဆင်ပြေသင့်လျော်မယ့် အချိန်၊ နေ့ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီအနေနဲ့ လူကြီးမင်းတို့နဲ့မိတ်ဆက် အလွတ်သဘောတွေ့ဆုံလိုပါကြောင်း ခင်မင်ရင်းနှီးစွာ အဆိုပြုဖိတ်ကြားအပ်ပါတယ်”ဟု (ULA/ AA)အား ဖိတ်ခေါ်စာတွင်ရေးသားထားသည်။

မိမိတို့ကြား ပိုမိုချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးမှသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားများနှင့်အတူ ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန် များစွာဆန္ဒပြင်းပြထက်သန်လျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံကောင်းများတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်အားစုများနှင့် ပိုမိုဆက်သွယ်ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ်ဆက်ဆံရေးကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဗီဒီယိုများ