ကိုဗစ်ဒုတိယလှိုင်းတွင် သီလရှင်များအတွက် အခက်အခဲပိုဖြစ်လာ

“အစိုးရဆီက ဆန် ၅ အိတ်တခါလှူခဲ့ပါတယ်။ ဒါပေမယ့် ဒီကျောင်းမှာသီလရှင်တွေများတာကြောင့် လတစ်ဝက် လောက်စားလိုက်ရတယ်။ ပုဂ္ဂလိကအလှူရှင်တွေလည်း အရင်ထက်နည်းသွားပါတယ်။ ဒီတစ်ခေါက် ရောဂါ ကာလက စီးပွားရေးထိခိုက်ကြမှာပါ။ ဒါကြောင့်မို့လည်း လှူဒါန်းတာနည်းသွားတယ်” ဟု သီလရှင်ကမိန့်သည်။

By မျိုးသီရိကျော် 16 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

ကိုဗစ်ဒုတိယလှိုင်းကာလတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှသီလရှင်များ သီတင်းသုံးရန်အတွက် အကျပ် အတည်းများဖြစ်လာနေရကြောင်း သီလရှင်များထံမှသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်မှလုပ်ငန်းရှင်များမှာ လုပ်ငန်းများအဆင်မပြေသဖြင့် အလှူရှင်များမရှိခြင်းကြောင့် သီလရှင်များအတွက် အခက်အခဲဖြစ်နေရသည်ဟု စစ်တွေမြို့ကျားရုပ်သီလရှင်စာသင်တိုက်မှ စာချပုဂ္ဂိုလ် ဒေါ်စရဏသီင်္ဂီက DMG သို့ မိန့်သည်။

“အစိုးရဆီက ဆန် ၅ အိတ်တခါလှူခဲ့ပါတယ်။ ဒါပေမယ့် ဒီကျောင်းမှာသီလရှင်တွေများတာကြောင့် လတစ်ဝက် လောက်စားလိုက်ရတယ်။ ပုဂ္ဂလိကအလှူရှင်တွေလည်း အရင်ထက်နည်းသွားပါတယ်။ ဒီတစ်ခေါက် ရောဂါ ကာလက စီးပွားရေးထိခိုက်ကြမှာပါ။ ဒါကြောင့်မို့လည်း လှူဒါန်းတာနည်းသွားတယ်” ဟု သီလရှင်ကမိန့်သည်။

ယခင်က ဥပုဒ်နေ့တိုင်းဆွမ်းကျွေးသူများပြားခဲ့သော်လည်း လက်ရှိကိုဗစ်ကာလတွင် မည်သူတစ်ဦး တစ်ယောက်မှ မရောက်ကြခြင်း၊ လစဉ်လှူဒါန်းနေသည့် ပုဂ္ဂလိကအလှူရှင်များလည်း မလာကြသည့်အတွက် ပိုပြီးအခက်တွေ့နေခြင်းဖြစ်ကြောင်း သီလရှင်ကဆက်လက်မိန့်ကြားသည်။

လက်ရှိမှာ ပုဂ္ဂလိကအလှူရှင်တစ်ဦးမှ သီလရှင်တစ်ပါးလျှင် ဆန်တစ်တောင်းနှုန်းဖြင့် လှူဒါန်းထားသော ဆန်နှင့်စားသောက်နေရသော်လည်း stay at home ကာလကြာမြင့်လာပါက ပို၍အကျပ်အတည်းဖြစ်လာ မည်ကို စိုးရိမ်နေကြသည်။

“သီလရှင်တို့မှာ ဟိုသီတင်းပတ်က ဒကာမတစ်ယောက်ဆီကလှူထားတဲ့ ပိုက်ဆံငါးထောင်တော့ရှိတယ်။ အဲဒါကို မစားရဲမသောက်ရဲပဲ ကိုယ်လိုတဲ့အချိန်ရအောင် ထားထားတယ်။ အရင်တုန်းကဆိုရင်တော့ အသုံးစရိတ်ကို ဆွမ်းခံလို့ရတဲ့ငွေနဲ့သုံးတယ်။ အခုတော့ အလှူရှင်ရှိမှ သုံးရတယ်” ဟု ၎င်းကဆက်မိန့်သည်။

ယခင်ကိုဗစ်ဖြစ်ပွားချိန်က တစ်ပတ်လျှင်တစ်ကြိမ် ဆွမ်းခံထွက်ခဲ့ရသော်လည်း ယခု ဒုတိယလိုင်းဖြစ်ပွား ချိန်တွင် တစ်လကျော်ကြာသည့်တိုင် ဆွမ်းခံမထွက်ရသေးကြောင်း သီလရှင်များထံမှသိရသည်။

စစ်တွေမြို့ပေါ်တွင် သီလရှင်စာသင်တိုက်သုံးခုရှိပြီး သီလရှင်အပါး (၃၀၀)ခန့်ရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ