NLD အမတ်ဦးဝှေ့တင်းကို AA ပြန်လွှတ်ပေး

ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ဦးဝှေ့တင်းကို နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ယနေ့ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပလက်ဝမြို့နယ်တွင်   ပြန်လွှတ်ပေးလိုက်ပြီဟု AA က ထုတ်ပြန်သည်။

By ခိုင်ရိုးလ 21 Jan 2020

(ဓာတ်ပုံ - AA)

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၁၊ ပလက်ဝ

ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ဦးဝှေ့တင်းကို နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ယနေ့ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပလက်ဝမြို့နယ်တွင်   ပြန်လွှတ်ပေးလိုက်ပြီဟု AA က ထုတ်ပြန်သည်။

ရခိုင်နှင့်ခူမီး အမျိုးသားများအကြားတွင် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများအပြင် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် ညီရင်းအစ်ကိုဆက်ဆံရေးကို ပြန်လည်သင့်မြတ်လိုသော သဘောထားဆန္ဒရှိသောကြောင့် လွှတ်ပေးခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဦးဝှေ့တင်းကို ချင်းနှင့်ရခိုင်ပြည်နယ် နယ်စပ် ပွီပုန်းဆိုသည့်နေရာသို့ မိသားစုဝင်များက သွားရောက်ခေါ်ယူနေကြသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က DMG သို့ပြောသည်။

“လောလောဆယ် သူတို့နဲ့ တိုက်ရိုက်ဆက်သွယ်လို့တော့ မရသေးဘူး။ AA က ဆွေမျိုးသားချင်းတွေကို ဆက်သွယ်တဲ့အတွက် ဆွေမျိုးတွေက သွားခေါ်နေတာ” ဟု ၎င်းကဆိုသည်။

ဦးဝှေ့တင်းကို လွှတ်ပေးလိုက်ခြင်းကြောင့် ရက္ခိုင့်တပ်တော်(AA)၏ ပုံရိပ်ပိုကောင်းလာမည်ဟု ဦးစိုးထက်က ပြောသည်။

“ဒါက လူထုကတင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တယ်။ နောက်တစ်ခုက သူ့ကိုဖမ်းထားတာဟာ သူတို့အတွက် ဘာမှအကျိုးမရှိဘူးလို့  ကျနော်ထင်တယ်။ လွှတ်သင့်တယ်။ တော်လှန်ရေးလုပ်တာကိုတော့ ဘာမှမပြောလိုဘူး။ အခုလိုလွှတ်ပေးလိုက်တဲ့အတွက် (AA) သူတို့အတွက် ပုံရိပ်ပိုကောင်းမှာပါ” ဟု ၎င်းကဆိုသည်။

ဦးဝှေ့တင်း လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး DMG က ရခိုင်အမတ်အချို့ကို ဆက်သွယ်ခဲ့ရာတွင် ဝမ်းမြောက်ဝမ်းသာဖြစ်သည်ဟု ပြောကြသည်။

“ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘေးမသီရန်မခဘဲ မိသားစုဆီကိုပြန်ရောက်တာကို လှိုက်လှိုက်လှဲလှဲဝမ်းသာကြောင်း ပြောဆိုပါတယ်။ လက်နက်ကိုင်နှစ်ဖက်စလုံးမှာလည်း သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ ရှိနေတယ်။ အဲဒီအတွက်ကြောင့် AA အဖွဲ့မှာရှိနေတဲ့ သူတွေကို ပြန်လွှတ်ပေးစေချင်သလိုပဲ၊ ဒီဘက်(အစိုးရ)မှာ သံသယနဲ့ဖမ်းဆီးခံထားရတဲ့ သူတွေ၊ နောက်ပြီးစင်္ကာပူက အဖမ်းခံထားရတဲ့ လူတွေရှိသလို တခြားသူတွေကိုလည်း နှစ်ဦးနှစ်ဘက်ဆွေးနွေးပြီးတော့ အမြန်ဆုံး ပြန်လွှတ်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ဦးဝှေ့တင်းကို AA ဆန့်ကျင်ရေးပြုလုပ်နေသည်ဟုဆိုကာ ကုလားတန်မြစ်ကြောင်းအတွင်းတွင် နိုဝင်ဘာလ (၃)ရက်နေ့က AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် “ဝ”အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC )ထံ မိသားစုဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးပတ်က စာပေးပို့တောင်းဆိုခဲ့ဖူးသည်။

ထို့အပြင် ဦးဝှေ့တင်းကို လွှတ်ပေးရန်အတွက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မန္တလေးတိုင်း အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်ခဲ့ဖူးသည်။

ဗီဒီယိုများ